နေပြည်တော် မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အင်လျားကန်ဘောင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူငယ် ၂၀ ဦးခန့်ကို အကြောင်းမဲ့ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၆ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေလုံခြုံရေး တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းပြောကြားချက်အရ အဆိုပါသတင်းမှာမှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ အသက်အရွယ်မရွေး ဖမ်းဆီးခေါ်ဆောင်ပြီး အတင်းအဓမ္မ လူသစ်စုဆောင်းလျက်ရှိကြောင်း၊ ပြည်သူလူထုမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများမှ ယခုကဲ့သို့ မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရသည်။