နေပြည်တော် မတ် ၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
ကြိုးပမ်းဆောင်ရွက်
ဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် ဘေးအန္တရာယ်ကြုံတွေ့ခံစားရသူများကို ကူညီဖြည့်ဆည်း ထောက်ပံ့မှုပြုရသော ဌာနတစ်ခုအနေဖြင့် ၁၉၄၅ ခုနှစ်မှ စတင်ခဲ့သည်မှာ နှစ်ပေါင်း (၈၀) ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ဆယ်စုနှစ်ရှစ်ခုတာ ကာလအတွင်း ဘေးသင့်သူများ လတ်တလော သက်သာချောင်ချိရေး၊ ဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် နိုင်ငံဖြစ်လာစေရေးအတွက် တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်ရကြောင်း။
ယခုဆိုလျှင် ဦးစီးဌာနသည် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးရုံးအဖြစ် လည်းကောင်း၊ အာဆီယံဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ အစည်းများနှင့် ချိတ်ဆက်သည့် မြန်မာနိုင်ငံဆိုင်ရာ ဗဟိုချက်ဌာန တစ်ခုအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိနေကြောင်း၊ ရှေ့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းဟောင်း ကြီးများ၏ တာဝန်ထမ်းဆောင် ခဲ့မှုများကို လေးစားအသိ အမှတ်ပြုသကဲ့သို့ လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းများ၏ တာဝန်ကျေပွန်မှု၊ ဌာန၏လုပ်ငန်းများအပေါ် စေတနာထားဆောင်ရွက်မှုများအတွက်လည်း ဂုဏ်ယူကြောင်း၊ မျိုးဆက်သစ်ဝန်ထမ်းများအနေဖြင့် အငြိမ်းစားဝန်ထမ်းဟောင်းကြီးများ ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အစဉ်အလာကို ထိန်းသိမ်းရင်းဦးစီးဌာန၏ လုပ်ငန်းများကို ပိုမိုတိုးတက်အောင်မြင်စေရေး၊ ဝန်ကြီးဌာနအတွက်၊ နိုင်ငံတော်အတွက် အထောက်အပံ့ကောင်းများပေးနိုင်သည့် ဦးစီးဌာနအဖြစ် ခိုင်ခိုင်မာမာရပ်တည်နိုင်ရေး ကြိုးစားကြစေလိုကြောင်း မှာကြားသည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကားပြောကြားပြီးဦးစီးဌာန စတင်တည်ထောင်ချိန်မှစ၍ နှစ်(၈၀)ပြည့်သည့် ကာလအတွင်း ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်လာမှု မှတ်တမ်းတင်ဗီဒီယိုကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသည့် အငြိမ်းစားဝန်ထမ်းဟောင်းကြီးများ၊ ဌာနဝန်ထမ်းများသည် ညစာ အတူတကွသုံးဆောင်ကြသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများကိုယ်တိုင်ပါဝင် တင်ဆက်ထားသည့် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေး တေးသရုပ်ဖော်တင်ဆက် ကပြခြင်းနှင့် ဦးစီးဌာနဝန်ထမ်းများက တေးသီချင်းများသီဆိုခြင်း အစီအစဉ်များပြုလုပ်ကြပြီး သီဆိုဖျော်ဖြေခဲ့ကြသော ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး က ဂုဏ်ပြုချီးမြှင့်သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသည့် ဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်