နေပြည်တော် မတ် ၁၇
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
နံနက်ပိုင်းမှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများသည် မိမိတို့ဖြေဆိုကြမည့် စာစစ်ဌာနများသို့ အချိန်မီရောက်ရှိလာကြရာ တာဝန်ကျ ဆရာ ဆရာမများက စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/ မမှန်စစ်ဆေးခြင်း၊ ဖြေဆိုကြမည့် အခန်းများအတွင်း၌လည်း ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် စာမေးပွဲဆိုင်ရာ စည်းကမ်းချက်များ ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
“ဒီစာစစ်ဌာနမှာ အထက(၅)၊ အထက(၆)၊ စိုးစံကိုယ်ပိုင်အထက် တန်းကျောင်းနဲ့ အလွတ်ဖြေတို့ ဖြေဆိုကြမှာဖြစ်ပါတယ်။ ဘာသာတွဲအလိုက် STEAMS-1၊ STEAMS-2 နဲ့ STAMS-1 ဆိုပြီး ခွဲထားပါတယ်။ STEAMS -1 မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်တွေ ပါဝင်ပြီး ကျောင်းသားကျောင်းသူ ၂၆၅ ဦး ဖြေဆိုမှာ ဖြစ်ပါတယ်။ STEAMS – 2 မှာတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ ဘာသာရပ်တွေ ပါဝင်ပြီး ၉၉ ဦး ဖြေဆိုမှာ ဖြစ်ပါတယ်။ STAMS -1 မှာတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်တွေ ပါဝင်ပြီး ၁၀ ဦး ဖြေဆိုမှာဖြစ်ပါတယ်။ ဒီစာစစ်ဌာနမှာ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၇၄ ဦး ဖြေဆိုမှာ ဖြစ်ပါတယ်။ တစ်ခန်းကို ကျောင်းသား ကျောင်းသူ ဦးရေ ၃၀ စီဖြေဆိုမှာ ဖြစ်ပြီးစာဖြေခန်း စုစုပေါင်း ၁၃ ခန်းဖြစ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်ခန်းနဲ့ အရန်အခန်းတွေလည်းထားရှိပါတယ်။ ဒီကျောင်းမှာ ကတ်ထုတ်ဝေပေး တာကအစအားလုံး အဆင်ပြေ ချောမွေ့ပါတယ်” ဟု အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန ကြီးကြပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းမော်က ပြောကြားသည်။
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ စာစစ်ဌာန နှစ်ခု၊ လယ်ဝေးမြို့နယ်ရှိ စာစစ်ဌာန ၁၀ ခု၊ ဇမ္ဗူသီရိမြို့နယ်ရှိ စာစစ်ဌာနခြောက်ခု၊ ပျဉ်းမနားမြို့နယ်ရှိ စာစစ်ဌာန ငါးခု၊ ပုဗ္ဗသီရိ မြို့နယ်ရှိ စာစစ်ဌာန ငါးခု၊ ဇေယျာသီရိမြို့နယ်ရှိ စာစစ်ဌာန ငါးခု၊ ဥတ္တရသီရိမြို့နယ်ရှိ စာစစ်ဌာနခြောက်ခု၊ တပ်ကုန်းမြို့နယ်ရှိ စာစစ်ဌာနရှစ်ခုတို့တွင် ကျောင်းသား ၅၄၈၄ ဦး၊ ကျောင်းသူ ၇၀၆၈ ဦး စုစုပေါင်း ၁၂၅၅၂ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
“ပထမဆုံးဖြေဆိုတဲ့ မြန်မာစာကိုတော့ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ဖြေဆိုနိုင်ခဲ့ပါတယ်။ ကျက်ထားတာတွေတိုးတဲ့အတွက် အခက်အခဲမရှိပါဘူး။ စာမေးပွဲခန်းဝင်ခါနီး စိတ်လှုပ်ရှားမှု နည်းနည်းရှိပါတယ်။ နောက်ထပ်ဖြေဆိုမယ့် ဘာသာရပ်တွေကိုလည်း အခက်အခဲမရှိ ဖြေဆိုနိုင်အောင် ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ မောင်ပိုင်ထက်ဦးက ပြောသည်။
ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်းအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်များအလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျစီမံဆောင်ရွက်ထားကြောင်း သိရသည်။
မျိုးဆက်သစ်
ဓာတ်ပုံ - ကိုကိုအေး