Skip to main content

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန Basic Networking သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၁၇

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန Basic Networking သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော ဒစ်ဂျစ်တယ် နည်းပညာခေတ်တွင် ICT သည် လူတိုင်းအတွက်လိုအပ်သည့် အဓိကပညာရပ်ဖြစ်ပြီး အမြဲသင်ယူလေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချချက်များကို သေချာစွာ လေ့လာမှတ်သားပြီး လက်တွေ့သင်ခန်းစာများကို ကိုယ်တိုင် တတ်ကျွမ်းသည်အထိ သင်ယူလေ့ကျင့်ခြင်းများသာမက စဉ်ဆက်မပြတ် ဆက်လက်လေ့လာသင်ယူသွားကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးကသင်ကြားသူ ဆရာဆရာမများကို ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် သင်တန်းတွင် အသုံးပြုမည့်သင်ထောက်ကူ ပစ္စည်းများနှင့် လက်တွေ့သင်ကြား ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုကြသည်။

ယနေ့ဖွင့်လှစ်သည့် သင်တန်းသို့ သင်တန်းသားသင်တန်းသူ ၁၇ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တနှစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်