နေပြည်တော် မတ် ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထိုသို့လှည့်လည်ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက စာမေးပွဲအခန်း တာဝန်ကျသည့် ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စနစ်တကျ၊ စည်းကမ်းရှိစွာဖြင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြ စေလိုပါကြောင်း၊ စာမေးပွဲဖြေဆိုသည့် ကျောင်းသား ကျောင်းသူများနှင့် စာမေးပွဲလုပ်ငန်း အနှောင့်အယှက် မဖြစ်စေရေးအတွက် အထူးဂရုစိုက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ် ရေးမှူးများအနေဖြင့် မိမိတို့လိုက်နာဆောင်ရွက်ကြရမည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်၍ တက္ကသိုလ်ဝင်စာမေးပွဲကို စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃)အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများအေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အလားတူ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများသည်ယနေ့တွင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သက်ဆိုင်ရာစာစစ်ဌာနများသို့ သွားရောက်ကြပြီး တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
သတင်းစဉ်