Skip to main content

သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ရှိ ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ပွားအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်

ရန်ကုန် မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာသာသနာ့ သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်၌ အများပြည်သူဖူးမြော်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မိသားစုက လှူဒါန်းထားသော ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ပွားအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပလ္လင်တော်ပင့်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော် ပရိဝုဏ်အတွင်း၌ ကျင်းပသည်။

တက်ရောက်ကြည်ညို

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် (ရန်ကုန်) ဒုတိယ ပါမောက္ခချုပ် (စီမံ) ဦးဇော်ဇော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးဦးဇော်ဦးနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ ဆရာတော်ကြီးများက ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ပွားအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်များရွတ်ပွားချီးမြှင့်သည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ဆရာတော်များနှင့် ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာတော်ဘဒ္ဒန္တဇောတိဿရထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ပွားအား စွယ်တော်ကိန်းဝပ်တော်မူမည့် ဂန္ဓကုဋိကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်