Skip to main content

မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အွန်လိုင်းရုပ်ရှင်ပွဲတော် ပြသမည်

နေပြည်တော် အောက်တိုဘာ ၇

ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁၃)ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် မြန်မာ့ရုပ်ရှင်နေ့ကို ကြိုဆိုဂုဏ် ပြုသောအားဖြင့် အွန်လိုင်းရုပ်ရှင်ပွဲတော်ကို အောက်တိုဘာလ(၈)ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

အွန်လိုင်းရုပ်ရှင်ပွဲတော်ကို ခေတ်အဆက်ဆက် ရိုက်ကူးပြသခဲ့ကြသည့် မြန်မာ့ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်များ၏ အနုပညာစွမ်းပကားကို ပြန်လည် ခံစားသိမြင်စေရန်၊ မြန်မာ့ရုပ်ရှင်ကို နှစ်သက်သည့် ပြည်တွင်း ပြည်ပမှ ရုပ်ရှင်ပရိသတ်များအနေဖြင့် မိမိကြိုက်နှစ် သက်ရာ ဇာတ်ကားများ ရွေးချယ်ကြည့်ရှုနိုင်စေရန်နှင့် ရုပ်ရှင်ချစ် ပရိသတ်များအား ကိုဗစ် -၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ မိမိတို့နေရာအသီးသီးတွင် လုံခြုံကျန်းမာ ဘေးကင်းစွာ ကြည့်ရှုနိုင်စေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။

အဆိုပါ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ရုပ်ရှင်ပွဲတော်ကို ကိုဗစ်−၁၉ ရောဂါ ဆိုင်ရာ ကန့်သတ်ချက်များအရ ရုပ်ရှင်ရုံကြီးများတွင် ပျော်ရွှင် ချမ်းမြေ့စွာ ပြသပေးနိုင်ခြင်းမရှိပါ သဖြင့် အွန်လိုင်းရုပ်ရှင်ပွဲတော်အဖြစ် စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယင်းအွန်လိုင်းရုပ်ရှင်ပွဲတော်တွင် Mahar Mobile Application ဖြင့် မြန်မာရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားပေါင်း (၂၅၀၀)ကျော်ကို Promo Code (102020) ဖြင့် အောက်တိုဘာ (၈) ရက်နေ့မှ (၃၁) ရက်နေ့အထိလည်းကောင်း၊ Cookie Application ဖြင့် မြန်မာရုပ်ရှင်ဇာတ်ကားပေါင်း (၅၀) ကျော်၊ ရုပ်သံလိုင်းပေါင်း (၅၀)ကျော်နှင့် မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် Movie Album များကို Promo Code (MMFILM 100) ဖြင့် အောက်တိုဘာ(၁၃)ရက်နေ့မှ (၃၁) ရက်နေ့ အထိလည်းကောင်း၊ Pyone Play Application ဖြင့် မြန်မာရုပ်ရှင်ဇာတ်ကား(၃၀)နှင့် ဇာတ်လမ်း တွဲများအားလည်းကောင်း အခမဲ့ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)