Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင်များ၏ စကားသံများ

ဦးကိုကိုလွင်

ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန

ရုရှားနဲ့ဘယ်လာရုစ်နဲ့က ကျွန်တော်နှစ်နိုင်ငံလုံးနဲ့က ရင်းနှီးနေတာကြာပါပြီ။ ဒီနှစ်နိုင်ငံလုံးကိုလည်း ကျွန်တော်အကြိမ်တော်တော်များများ ရောက်ဖူးပါတယ်။ နံပါတ်တစ် ရုရှားပေါ့နော်။ ရုရှားအနေနဲ့ကတော့ ဒီခရီးစဉ်က State Visit ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့လည်း လုပ်ဆောင်ရမယ့်လုပ်ငန်းတွေကိုလည်း သေချာပြင်ဆင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ရုရှားကို စွမ်းအင်ကိစ္စနဲ့ တစ်ခါလာခဲ့ပြီးပါပြီ။ စွမ်းအင်ဝန်ကြီးနဲ့လည်း ကျွန်တော်တွေ့ခဲ့ပါပြီ။ ဒီတစ်ခေါက်မှာလည်း နိုင်ငံတော်အကြီးအကဲနဲ့ နှစ်ဖက်အကြီးအကဲ နှစ်ဦးတွေ့ဆုံခဲ့တဲ့အပေါ်မှာ စွမ်းအင်ကဏ္ဍနဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေအပေါ်မှာ ကျွန်တော်သီးခြားစွမ်းအင်ဝန်ကြီးဌာနက ပထမ၊ ဒုတိယဝန်ကြီးနဲ့ သက်ဆိုင်ရာကုမ္ပဏီက အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တွေ့ဆုံပြီးတော့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ရုရှားကဆိုရင် စွမ်းအင်လုံခြုံရေးနဲ့ စွမ်းအင်ဖူလုံရေးအတွက် အလွန်ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်နေတဲ့ နိုင်ငံတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့်မို့လည်း ရုရှားက ဒီနေ့ဒီအချိန်မှာ ဒီလိုရပ်တည်နိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီအပေါ်မှာလည်း ကျွန်တော်အများကြီးအားကျပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တော်တော်များများလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ နောက်ဘယ်လာရုစ်ပေါ့။ ဘယ်လာရုစ်ကတော့ လယ်ယာစိုက်ပျိုးရေးကိုအခြေခံတယ်။ ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲကလည်းပဲ စိုက်ပျိုးရေးကိုအခြေခံတဲ့ထုတ်ကုန်တွေ၊ ကုန်ထုတ်လုပ်မှုတွေအများကြီးမြှင့်တင်ချင်တယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့က Mechanize farm ကိုသွားရမှာပေါ့။ ကျွန်တော်တို့သွားဖို့လည်း လုပ်နေကြပါပြီ။ ဒီအပေါ်မှာ ဘယ်လာရုစ်နဲ့ပူးပေါင်းတာက အင်မတန်မှန်ကန်တယ်။ ကောင်းမွန်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဘယ်လာရုစ်က သူတို့ ဖိုရမ်မှာလည်း ပြောသွားပါတယ်။ စိုက်ပျိုးရေးကဏ္ဍကိုပဲ ပြီးခဲ့တဲ့ နှစ်က ၅ ဘီလီယံကျော် ဝင်ငွေရခဲ့တဲ့အတွက် အလွန်အားကျဖို့ ကောင်းပါတယ်။ ကျွန်တော်တို့လည်း ဒီလိုမလုပ်နိုင်စရာမရှိပါဘူး။ ကျွန်တော်တို့ ကြိုးစားလုပ်ရင်ရပါတယ်။ ဘယ်လာရုစ်နဲ့ ပတ်သက်ပြီးတော့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ နည်းပညာတွေ စိုက်ပျိုးရေးကို ကျွန်တော်တို့ Mechanize farm ဖြစ်အောင် လိုအပ်တဲ့စက်ပစ္စည်း ကိရိယာတွေ ထုတ်လုပ်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ခြုံပြီးပြောရရင် ဘယ်လာရုစ်နဲ့ ရုရှားနှစ်နိုင်ငံလုံးက အင်မတန်စနစ်ကောင်းပါတယ်။ ကျွန်တော် သူတို့နဲ့တွဲပြီးတော့ ဆယ်စုနှစ်တစ်စုကျော်ပြီး ကျွန်တော်လုပ်ခဲ့တာ။ အင်မတန်စနစ်ကောင်းပါ တယ်။အတုယူဖို့လည်းကောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံ စွမ်းအင်ဖူလုံရေးနဲ့ လုံခြုံရေးအတွက် ကြိုးစားဆောင်ရွက်ပါမယ်။ ကျွန်တော်တို့နိုင်ငံဟာ ထိုက်သင့်သလောက် စွမ်းအင်အရင်းအမြစ်တွေရှိတယ်။ နံပါတ်တစ် ကျွန်တော်တို့က မရှာဖွေနိုင်သေးဘူး။ ပြီးပြည့်စုံအောင် မရှာဖွေနိုင်သေးဘူး။ ဒီအတွက်ကြောင့် ကျွန်တော်တို့က ရုရှားနဲ့ နည်းပညာအကူညီရယူပြီး ပူးပေါင်းဆောင်ရွက်မယ်။ နံပါတ်နှစ်က ရှာဖွေလို့တွေ့ပြီဆိုရင်လည်း ကျွန်တော်တို့က ထိထိရောက်ရောက် တူးဖော်နိုင်အောင်လုပ်ရမယ်။ ဒီအပိုင်းကိုလည်း ကျွန်တော်တို့က ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ရမယ်။ နောက်ပြီးတော့ တစ်ခါကျွန်တော်တို့နိုင်ငံရဲ့ ပထဝီအနေအထားအရ အင်မတန်ကောင်းမွန်တဲ့နေရာရှိပါတယ်။ စွမ်းအင်ကုန်သွယ်မှုကို ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ရမယ်။ အထူးသဖြင့် Energy Terminal ဟာမျိုးတွေ။ ကျွန်တော်တို့မှာ နိုင်ငံတကာကိုတင်ပို့နိုင်တဲ့၊ ထိုင်းနဲ့တရုတ်ကို တင်ပို့နိုင်တဲ့ပိုက်လိုင်းတွေရှိတယ်။ ကျွန်တော်တို့ ရေနက်ဆိပ်ကမ်းတွေရှိတယ်။ Energy Terminal ဆောက်ဖို့ နေရာကောင်းတွေရှိတယ်။ ဒီနေရာ Energy Terminal တွေဆောက်မယ်။ ဒီပိုက်လိုင်းတွေနဲ့ ကျွန်တော်တို့ပို့မယ်၊ ကျွန်တော်တို့ နိုင်ငံရဲ့သဘာဝဓာတ်ငွေ့ လုံလောက်အောင်လည်း အဲဒီကရယူမယ်။ ရေနံချက်စက်ရုံတွေဆောက်မယ်။ စက်သုံးဆီကို သွင်းရတဲ့ဟာ နောက်ဆိုရင်ရှိမှာမဟုတ်တော့ဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ချက်လုပ်ပြီးတော့သုံးစွဲမယ်။ နောက်ဓာတ် မြေဩဇာတွေချက်လုပ်မယ်။ ဒါက ကျွန်တော့်ကဏ္ဍပါ။ ဒီအပိုင်းကိုလုပ်ဖို့အတွက် ရုရှားနဲ့ပူးပေါင်း ဆောင်ရွက်မယ်။ ကျွန်တော့်အတွက်လည်း အလွန်ပဲအတွေ့အကြုံရတဲ့ ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာန လုပ်ဆောင်နေတာကို ပြည်သူတွေသိမှလည်း၊ ပြည်သူတွေလိုက်ပါ ဆောင်ရွက်မှလည်း၊ ပြည်သူတွေ အကူညီရမှလည်း အောင်မြင်မှာဖြစ်ပါတယ်။

ဒေါက်တာမျိုးသိန်းကျော်၊ ပြည်ထောင်စုဝန်ကြီး

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

ကျွန်တော်တို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဆိုတာကတော့ အဓိကအားဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သိပ္ပံနဲ့နည်းပညာဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံအတွက် ဒါတွေ တစ်ထောင့်တစ်နေရာက တာဝန်ယူနေရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုတာကလည်း သိပ္ပံနဲ့နည်းပညာဆိုင်ရာမှာ တကယ့်ကမ္ဘာ့ထိပ်တန်းနိုင်ငံပေါ့နော်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်တွေကလည်း တကယ့်အဆင့်မြင့်တဲ့ တက္ကသိုလ်တွေပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံအတွက်တော့ ဒီသိပ္ပံနဲ့နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးရော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးပါ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေရရှိခဲ့တယ်လို့ ပြောလိုပါတယ်။ ပထမတစ်ချက်အနေနဲ့ကတော့ ခုနပြောသလို လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးပေါ့၊ ဘယ်နေရာမဆို အခြေခံအကျဆုံးက လူသားအရင်းအမြစ်ပဲလေ။ ဒီလူသားအရင်းအမြစ်ကို တကယ့်ကို လက်တွေ့ကျကျဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် နားလည်မှုတွေ၊ ဒီအပြန်အလှန်လက်မှတ် ရေးထိုးနိုင်ခဲ့တာတွေရှိပါတယ်။ ဒါတွေဟာ ကျွန်တော် တို့နိုင်ငံအတွက်အားပါပဲ။ တစ်ချိန်မှာ ကျွန်တော်တို့နိုင်ငံတိုးတက်ဖွံ့ဖြိုးမှုဖြစ်စေဖို့အတွက် အခြေခံအုတ်မြစ်တွေလို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံဆိုတာက တကယ့်နည်းပညာပိုင်းဆိုင်ရာမှာလည်း ထိပ်တန်းနိုင်ငံပါ။ အဏုမြူစွမ်းအင်ဆိုရင်လည်း တကယ့်ထိပ်တန်းနိုင်ငံပါပဲ။ အဏုမြူစွမ်းအင် ဆိုတာကလည်း တကယ်တော့ ငြိမ်းချမ်းတဲ့နယ်ပယ်မှာ နေရာကဏ္ဍအစုံအလင်မှာ အသုံးချလို့ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့အတွက် အကျိုးကျေးဇူးတွေ ဖြစ်လာမှာပါ။ ဒါ့အပြင်အာကာသမှာလည်း ရုရှား နိုင်ငံဆိုတာ တကယ့်ထိပ်တန်းရောက်နေတဲ့နိုင်ငံပါ။ ပထမဆုံး ဂြိုဟ်တုလွှတ်တင်နိုင်ခဲ့တယ်။ ပထမဆုံး လူသားအာကာသထဲကို ပေးပို့နိုင်ခဲ့တယ်။ ဒီလိုနိုင်ငံ ဆီကနေကျွန်တော်တို့ အတွေ့အကြုံတွေ မျှဝေခွင့်ရတယ်။ ပညာလေ့လာခွင့်ရတယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေပါပဲလို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ဒါအုတ်တစ်ချပ်သဲတစ်ပွင့် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ လေးလေးနက်နက်ကို ယုံကြည် ပါတယ်လို့ ပြောလိုပါတယ်ခင်ဗျ။

ဦးအေးဝင်း၊ ဥက္ကဋ္ဌ (UMFCCI)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့မှာ ပြီးခဲ့တဲ့မတ်လ ၄ ရက်နေ့တုန်းက ကျွန်တော်တို့က ရုရှား-မြန်မာ Business Forum တစ်ခုကို ကျွန်တော်တို့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီ Forum မှာ ကျွန်တော်တို့ ဒီစီးပွားရေးအဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့ လူတွေရော၊ နောက်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေပါ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲမှာတော့ အဓိကကတော့ ကျွန်တော်တို့ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ကြားထဲမှာ ကုန်သွယ်မှုပိုင်းဆိုင်ရာ၊ နောက်ပြီးတော့ ကျွန်တော်တို့ ရင်းနှီးမှုပိုင်းဆိုင်ရာတွေကို ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မယ်၊ ဘယ်လိုတိုးမြှင့်ပြီးတော့ ဆောင်ရွက်နိုင်မယ်ဆိုတာကို ကျွန်တော်တို့ အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။ ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့မှာလည်း ကျွန်တော်တို့ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကပေါ့နော်။ အဲဒီမှာလည်း ကျွန်တော်တို့က မြန်မာ-ဘယ်လာရုစ် Business Forum ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာလည်း ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံဘက်ကနေပြီးတော့ စီးပွားရေး အဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့ သူတွေရော၊ စီးပွားရေးလုပ်ငန်းရှင်တွေပါ ကျွန်တော်တို့စုစုပေါင်း ၁၅၀ ဝန်းကျင်လောက် တက်ရောက်ခဲ့ကြပါတယ်။ အဲဒီပွဲမှာလည်းအလားတူပါပဲ။ ဘယ်လာရုစ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ ကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်လို့ရနိုင်မလဲ၊ နောက်ကုန်သွယ်မှုတွေကို ဘယ်ဟာတွေက ကုန်သွယ်မှုပြုလုပ်နိုင်မလဲ၊ ဘယ်အပိုင်းတွေကိုတော့ ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံမှုတွေကိုလုပ်နိုင် မလဲဆိုတဲ့အပိုင်းကို ကျွန်တော်တို့အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ အလားတူပဲ ဘယ်လာရုစ်ဘက်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ကြားမှာ လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုတွေကို လုပ်နိုင်ဖို့အတွက် ကုန်သွယ်မှုနဲ့ ကျွန်တော်တို့ တချို့ဒီရင်းနှီးမြှုပ်နှံမှုတွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ကို MoU တွေလည်း ရေးထိုးနိုင်ခဲ့တာရှိပါတယ်။ အဓိကကတော့ ရုရှားနဲ့ရော၊ ဘယ်လာရုစ်နဲ့ပါ အဓိကဆွေးနွေးတဲ့ နေရာမှာ ကျွန်တော်တို့နိုင်ငံမှာ အဓိကပင်မစီးပွားရေးကဏ္ဍက လေးရပ်ရှိတယ်။ အဲဒီကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ နောက်ကုန်ထုတ်လုပ်ငန်း၊ နောက်ကျွန်တော်တို့ဒီဓာတ်သတ္တုနဲ့ သဘာဝသယံဇာတကဏ္ဍရှိမယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ဒီ ဝန်ဆောင်မှုကဏ္ဍ၊ ဒီလေးရပ်ရှိတယ်။ အဲဒီတော့ အဲဒီလေးရပ်အနက်မှာ အဓိကကဏ္ဍတွေဖြစ်တဲ့ ဒီစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနဲ့ နောက်ကုန်ထုတ်လုပ်ငန်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံဘက်ကနေ ပြီးတော့ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာတွေ၊ နောက်မြန်မာနိုင်ငံမှာ ဒီကဏ္ဍတွေမှာရှိတဲ့ အခွင့်အလမ်းတွေကို ကျွန်တော်တို့ကရှင်းလင်းဆွေးနွေးပြခဲ့တာ ရှိပါတယ်။ ဒီကဏ္ဍတွေမှာ ကျွန်တော်တို့က စိတ်ဝင်စားမှုတွေ အများအပြားရှိပါတယ်။ ပထမအဆင့်မှာတော့ ကုန်သွယ်မှု၊ အပြန်အလှန်ကုန်သွယ်မှုကို ကျွန်တော်တို့ကစတင်မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကျွန်တော်တို့က အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ အဲဒီလိုမျိုး အလားအလာတွေကို တွေ့ရှိရပါတယ်။

ဦးအောင်အောင်ဇော်၊ ဥက္ကဋ္ဌ (MAI လေကြောင်းလိုင်း)

ခရီးသွားတွေ များများရောက်ရှိရေးအတွက် ပရိုမိုးရှင်းသွားလုပ်တဲ့ပွဲပေါ့။ ခရီးသွားဆိုတာက ဥရောပသားတွေက ဒီအချိန်မှာလာဖို့ သိပ်စိတ်မဝင်စားဘူးလေ။ တကယ်လာချင်တာက ရုရှားတို့၊ အိန္ဒိယတို့၊ တရုတ်တို့ကပဲ မြန်မာပြည်ကိုလာချင်တာပေါ့။ နောက်တစ်ခုက ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနဲ့လုပ်မယ်ဆိုတဲ့အခါကျတော့ ဒါနဲ့ပတ်သက်ပြီးတော့ Bussiness Traveller တွေလည်း လာဖို့ရှိတဲ့အတွက်ကြောင့် လေကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့က သွားရောက်ရှင်းလင်းတင်ပြရတာပါ။ ခရီးသွားအရေအတွက် အာမခံချက်ရမယ်ဆိုရင် လေကြောင်းတွေ ဘယ်လိုတိုးမြှင့်ပြီး ပြေးဆွဲမယ်။ ဒီလိုပြေးဆွဲတဲ့နေရာမှာ လက်ရှိလည်း နိုဗိုစီဗစ်ကို ပျံနေတာပေါ့။ ခရီးသွားလာရေးဆိုတာက မီးခိုးတိတ် စီးပွားရေးရှာတဲ့ဟာပေါ့။ စက်ရုံ၊ အလုပ်ရုံတွေလို မဟုတ်ဘူး။ အသံတိတ်လေး ပိုက်ဆံဝင်တယ်။

ဟိုတယ်တွေ၊ စကားပြန်တွေ၊ ကျွန်တော်တို့ဘက်ကလည်း ဝန်ဆောင်မှုအပြည့် လုပ်ပေးနိုင်တယ်ဆိုရင် ရုရှားတွေကလည်း ဒီကိုလာဖို့ စိတ်ဝင်စားတယ်။ အထူးသဖြင့် သူတို့ကကမ်းခြေကို အလွန်ကြိုက်တယ်။ ထိုင်းကိုလည်း အလွန်သွားကြတယ်။ ဖူးခက်တို့၊ ဗီယက်နမ်ကမ်းခြေတို့ကို သွားတဲ့အချိန်မှာ တိုက်ရိုက်သွားမယ့်အစား အာဆီယံဒေသရဲ့ Gateway တစ်ခုအဖြစ် မြန်မာပြည်ကို အရင်လာလည်၊ မြန်မာပြည်ကလည်ပတ်စရာတွေကို နှစ်ရက်၊ သုံးရက်လည်ပြီး ကျန်တဲ့ဒေသတွေကိုသွားပါ။ မြန်မာပြည် ကနေတစ်ဆင့် ပြန်မယ်ဆိုရင် Air Flight တွေနဲ့ အဆင်ပြေအောင် စီစဉ်ပေးပါမယ်ဆိုပြီး ကျွန်တော်တို့ကသွားပြီး ပရိုမိုးရှင်းလုပ်တာ။ ထိုင်းကို ခရီးသွားတွေ သန်း ၃၀ လောက် တစ်နှစ် တစ်နှစ် သွားနေတဲ့နေရာမှာ ကျွန်တော်တို့နိုင်ငံကို ၅ ရာခိုင်နှုန်း လောက်ပဲလာ။ တစ်သန်းခွဲလောက်ပဲလာ၊ နှစ်သန်း လောက်ပဲလာဦး။ လူတစ်ယောက်က ၁၅၀၀ ၊ ၂၀၀၀ ဒေါ်လာလောက်တော့ သုံးရမယ်။ လေယာဉ် လက်မှတ်ခ၊ ဟိုတယ်ခနဲ့ဆိုရင်ကို ကျွန်တော်တို့ ရဲ့တိုင်းပြည်မှာ 3 to 5 ဘီလီယံလောက် US ဒေါ်လာဝင်ငွေစီးဆင်းသွားမယ်ပေါ့နော်။ အဲဒါနဲ့ဆက်စပ်ပြီး လုပ်ငန်းတွေရကြမယ်။ ဟိုတယ်မှာနေတဲ့လူတွေ လည်ပတ်သွားကြမယ်ဆိုရင် သူ့ရဲ့ဝင်ငွေကိုက 10 ဘီလီယံလောက်အထိ တက်သွားနိုင်တယ်ပေါ့နော်။ ဒါဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးကိုလည်းအများကြီး အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က ဒီခရီးသွားလုပ်ငန်းမှာ လူဦးရေများများရအောင်သွားပြီး ပရိုမိုးရှင်း လုပ်တဲ့ပွဲပါခင်ဗျာ့။ ကျွန်တော်တို့ အခုပြော ရတဲ့အထဲမှာ တော်တော်များများကတော့ အလွန် စိတ်ဝင်စားကြတာပေါ့နော်။ အရင်တုန်းက မြန်မာပြည်ဘာလဲဆိုတာ သူတို့သိပ်မသိတဲ့လူတွေလည်း ရှိကြတာပေါ့။ ရောက်ဖူးတဲ့လူတွေပဲ သိကြတာပေါ့။ အဲဒီတော့ မြန်မာပြည်မှာ ဘယ်နေရာတွေကလည်လို့ ကောင်းတယ်။ ငြိမ်းချမ်းမှုအခြေအနေလည်း ဘယ်လိုအနေအထားတွေရှိတယ်။ ဘယ်နေရာတွေကသွားလို့ရတယ်။ မကြာခင်မှာတော့ အားလုံးအဆင်ပြေပြေ နဲ့သွားလို့ရပါမယ်ပေါ့နော်။ အဲဒီလိုမျိုးလေး ပြောခဲ့တော့ နှစ်နိုင်ငံလုံးကတော့ စိတ်အားထက်သန်စွာနဲ့ ဒီကိုလာချင်ကြတယ်ပေါ့နော်။ တိုက်ရိုက်ပျံသန်းခွင့် ရရှိရေးတို့၊ ခရီးသည်တွေသွားလာဖို့၊ လွယ်ကူဖို့အတွက်တော့ သူတို့တောင်းဆိုတာ ဘာသာပြန်လေးတွေ လုံလောက်ဖို့ရယ်၊ ဟိုတယ်အခန်းအရေအတွက် လုံလောက်မယ်ဆိုရင် သူတို့ရဲ့ Tour Package လာလေ့လာပြီးရင် စီစဉ်ပါ့မယ်ပေါ့။ ၂၀၂၅ ခုနှစ်ရာသီမှာလည်း မီသလောက်လာမယ်။ ၂၀၂၆-၂၀၂၇ ကိုတော့ ခရီးသည်တွေအများကြီးလာဖို့ သူတို့ဘက်က ခရီးသွားကုမ္ပဏီတွေဘက်ကလည်း အများကြီးစိတ်ဝင်စားတယ်။ နောက်တစ်ခုက အစိုးရ Gover-ment Traveller တွေရှိတယ်။ အစိုးရအရာရှိ၊ မိသားစုဝင်တွေကို သူတို့အစိုးရတွေကပဲ စီစဉ်ပေးတယ်။ အဲဒီလိုခရီးသွားတွေကို တခြားနိုင်ငံလွှတ်မယ့်အစား ကျွန်တော်တို့နှစ်နိုင်ငံချစ်ကြည်ရေး မြန်မာပြည်ကို လွှတ်လိုက်မယ်ဆိုရင်လည်း ဒီလူဦးရေက ပြည့်မီသွားနိုင်တာပေါ့နော်။ အဲဒါမျိုးလေးရရှိဖို့ အတွက် သူတို့ဘက်က Ministry of Tourism တို့၊ Tourism Board တို့ ခရီးသွားအေဂျင်စီတို့နဲ့လည်း ကျွန်တော်တို့ပြောဆိုညှိနှိုင်းနေတာလည်း ရှိပါတယ်။ အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ကံကြမ္မာကလည်း အခုကစပြီး ရှေ့လျှောက်ပွင့်လင်းလာမယ်လို့ မျှော်လင့်ပါတယ်။ စီးပွားတွေလည်း အများကြီးတိုးတက်အောင်မြင်လာလိမ့်လို့ မျှော်လင့်ပါတယ်။ ဘာပဲပြောပြော Positive Thinking ကောင်းတာကိုလုပ်တာဖြစ်တဲ့အတွက် ကောင်းတာတွေဖြစ်လာမှာပါလို့ ယုံကြည်ပါတယ်ခင်ဗျာ။ မြန်မာပြည်ကြီး ဖွံ့ဖြိုးစည်ပင် တိုးတက်ပါစေလို့ဆန္ဒပြုပါတယ် ခင်ဗျာ။