နေပြည်တော် အောက်တိုဘာ ၇
မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေးမြှင့်တင်ရေးစီမံချက်၏ ဦးဆောင်ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် video conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာ နိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး Riikka Laatu, Ms Sanna Takala, Counsellor (Development), Embassy of Finland; Ms Min Jeong Kim, Head of Office, UNESCO Myanmar နှင့် အမျိုးသား ပညာရေး မူဝါဒကော်မရှင်၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့မှ အဖွဲ့ဝင် များ၊ ပညာရေးဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ UNESCO Myanmar Office မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ဆရာအတတ် ပညာရေးအတွက် လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာ အရည်အသွေး မြှင့်တင်ရေးအစီအစဉ်အား နည်းပညာအကူအညီ၊ ဘဏ္ဍာရေး အကူအညီတို့ ပံ့ပိုးပေးသည့် ဖင်လန်နိုင်ငံအစိုးရနှင့် ယူနက်စကို တို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ လုပ်ငန်း ခွင်အကြို ဆရာအတတ်ပညာအရည်အသွေး မြှင့်တင်ရေးစီမံချက် ဒုတိယအပိုင်း (STEM Project Phase II) ကာလအတွင်း ပညာရေးဒီဂရီကောလိပ် (၂၅) ကျောင်းတွင် မူဝါဒနှင့် သင်ကြားသင်ယူမှု စွမ်းဆောင်ရည်များ တိုးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ ပါကြောင်း၊ ပညာရေး ဒီဂရီကောလိပ် သင်ရိုးသစ်ရေးဆွဲခြင်း၊ ကျား၊မရေးရာ တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနှင့်ရေရှည် တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီ သောဖွံ့ဖြိုး တိုးတက်မှုနှင့် ဆရာ့အခွင့်အလမ်းစသည်တို့တွင် နည်းပညာ အကူအညီရယူဆောင် ရွက်ခဲ့ပါကြောင်း၊ (၂) နှစ်သင်ပညာရေး ကောလိပ်များကို (၄) နှစ်သင် ပညာရေးဒီဂရီကောလိပ် အဆင့်သို့ တိုးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပညာရေးဒီဂရီကောလိပ် ပထမနှစ်၊ ဒုတိယနှစ်ဝက်နှင့် ဒုတိယနှစ် သင်ရိုးပုံနှိပ်စာအုပ်၊ ဆရာလမ်းညွှန်စာအုပ်တို့ကို ပုံနှိပ် ထုတ်ဝေရန် စီစဉ်ဆောင်ရွက်ပြီး ဟုသိရပါကြောင်း၊ အခြေခံပညာ၊ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်ကို ရေးဆွဲရာတွင် ကူညီပံ့ပိုးမှုအား ကျေးဇူးတင်ရှိ ပါကြောင်း၊ အဆိုပါအစီအစဉ်သည် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) ကို အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ ကူညီပံ့ပိုးပေးမှုများအတွက် ကျေးဇူးတင်ရှိ ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးအား ဆက်လက်ကျင်းပရာ STEM Project ၏ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ဆောင်ရွက်ချက်များ၊ စီမံချက်၏ အပိုင်း(၂)အစီရင်ခံစာနှင့် ပညာရေးဒီဂရီကောလိပ် သင်ရိုးသစ် အကောင်အထည်ဖော်မှုကို အကဲဖြတ်ခြင်း အစီရင်ခံစာ တို့ကို အဓိကထားဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)