Skip to main content

လွိုင်ကော်မြို့၊ အထက(၆)၌ ဖွင့်လှစ်ထားရှိသည့် ယာယီကုန်တင်ယာဉ် ရပ်နားစခန်းကို အထက(ခွဲ) ဝါရီကောခူကျောင်းဝန်းအတွင်း ပြောင်းရွေ့ ဖွင့်လှစ်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေး

လွိုင်ကော် အောက်တိုဘာ ၇

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးခြင်း လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်နယ်၏ ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှု မဖြစ်ပေါ်စေရေး အတွက် လွိုင်ကော်မြို့၊ အထက(၆)၌ ဖွင့်လှစ်ထားရှိသည့် ယာယီကုန်တင်ယာဉ် ရပ်နားစခန်းကို အထက(ခွဲ)ဝါရီကောခူကျောင်းဝန်းအတွင်း ပြောင်းရွေ့ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးဘော့စ်ကိုနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်းမှာ ယခင်ကထက် ပိုမိုမြင့်တက်လာ သည့်အခြေအနေများကြောင့် ကယားပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး လုပ်ငန်းများ ကို ပိုမိုစနစ်ကျ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လွိုင်ကော်မြို့၊ အထက(၆)မှ လွိုင်ကော်မြို့ အဝင်ရှိ အထက(ခွဲ)ဝါရီကောခူ ကျောင်းသို့ သွားရောက်ပြီး  ကျောင်းဆောင်များအား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ တည်းခိုနေထိုင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ ရေချိုးခန်း၊ သန့်စင်ခန်းနှင့် မော်တော်ယာဉ်ရပ်နားမည့် နေရာများအား ပြင်ဆင်ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး  မော်တော်ယာဉ် အဝင်/အထွက် အဆင်ပြေစေရေးအတွက် ကျောင်းဝင်ပေါက် တိုးချဲ့ဆောင်ရွက် ရန် ၊ ရေ ၊ မီး လိုအပ်ချက်များ မရှိစေရေး ဆောင်ရွက်ပေးရန်နှင့် မော်တော်ယာဉ်များ ရပ်နားရန် အဆင်ပြေစေရေးအတွက် ကားဝင်းအတွင်း သဲခင်းရန် စသည့်လိုအပ် ချက်များကို အချိန်မီ ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံး စနစ်တကျ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

အောင်ထွန်းလေး (ပြန်/ဆက်)