ရန်ကုန် မတ် ၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းတွင် မှော်ဘီမြို့နယ် မြောင်းတကာတိုက်နယ် ဆေးရုံသို့သွားရောက်၍ လူနာဆောင်များ၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ဆေးသိုလှောင်ခန်း၊ ဆေးမှတ်တမ်းဌာန၊ ဆေးရုံဝင်းအတွင်းနှင့် ဆေးကုသရေးလုပ်ငန်းများဆောင်ရွက်မှု၊ ခွဲစိတ်ခန်းပြင်ဆင်ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံလုပ်ငန်းများ တိုးတက်စေရေးမှာကြားကာ လူနာများကို အားပေးစကားပြောကြား၍ တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများကို ချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် မြောင်းတကာကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်၍ မိခင်ကလေးကျန်းမာရေး စောင့်ရှောက်မှုခံယူရန် လာရောက်ကြသူများကို တွေ့ဆုံအားပေးကာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးထားသည့်ဆေးဝါးများ အသုံးပြုမှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အခြေအနေများကိုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ကာ ဆေးရုံရှိရှေးဟောင်းအဆောက်အအုံဖြစ်သည့် ဆာဘိုးသာဆောင် ပြင်ဆင်ထိန်းသိမ်းမှု ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများအားတွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းပေးပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးသည် ဗဟိုအဆင့်ဆေးရုံကြီးဖြစ်ပြီး သင်ကြားရေးဆေးရုံကြီးဖြစ်သည့်အလျောက် အဆင့်မြင့်ကုသမှုများကို ဆောင်ရွက်ပေးနိုင်သည့် ဆေးရုံကြီးဖြစ်စေရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ဆေးပေးခန်း (hospital dispensary)၊ အရေးပေါ်လူနာဌာန၊ ဓာတ်ခွဲခန်း၊ သွေးလှူဘဏ်၊ ဓာတ်မှန်ဌာန၊ ဖျားနာလူနာဆောင်၊ ခွဲစိတ်ကုသဆောင်၊ ခွဲစိတ်ခန်းတို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းပေးသည်။
အင်းစိန်ပြည်သူ့ဆေးရုံကြီး၏ ဆာဘိုးသာဆောင်ကို ၁၉၂၈ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က Sir Po Tha and Lady Thar တို့မှ ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်အကုန်အကျခံကာ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကြီးစားမွမ်းမံပြင်ဆင်ထားသည့် ရှေးဟောင်းလက်ရာစာရင်းဝင် အဆောက်အအုံတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်