နေပြည်တော် မတ် ၇
၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ကာလ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ Brilliant Aura Co.,Ltd ၊ Bellarie Production တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် နေပြည်တော်လမ်းလျှောက်သင်္ကြန် Video Clip ကို ဖွင့်လှစ်ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကို နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်၍ အတွေ့အကြုံရှိကြပြီးဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာအတာသင်္ကြန်သည် လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်သည့် အလျောက် ယခင်နှစ်များထက် ပိုမိုအလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကိုလည်း လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်ဖော်ပြနိုင်မည့် သရုပ်ဖော်မှုကို ယခုနှစ်လမ်းလျှောက်သင်္ကြန်တွင် ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံမှ ထင်ပေါ်ကျော်ကြားသည့် အနုပညာရှင်များကိုလည်း ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများ၊ ဝန်ထမ်းများ မြန်မာ့နှစ်သစ်ကူးကာလတွင် စိတ်ရွှင်လန်းတက်ကြွပျော်ရွှင်စေရေးအတွက် ယခင်နှစ်များနှင့်မတူ မြန်မာ့သနပ်ခါးပါ တွဲဖက်အထူးပြုပြီး ပိုမိုပျော်ရွှင်စရာကောင်းသည့် လမ်းလျှောက်သင်္ကြန်ဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဝန်ကြီးဌာနအနေဖြင့် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယိမ်းအကအလှများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယူနက်စကိုက အသိအမှတ်ပြုပြီးဖြစ်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာအတာသင်္ကြန်နှင့် နောက်ထပ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် တင်ပြသွားမည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့တို့ကို တစ်ပြိုင်တည်းဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးက ဒြပ်မဲ့ယဉ်ကျေးမှုဇုန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန် စတင်ဖြစ်ပေါ်လာပုံ၊ အတာသင်္ကြန်ပုံရိပ်၊ ကုသိုလ်ကောင်းမှုပြုလုပ်ပုံ၊ ဝတ်စားဆင်ယင်မှုနှင့် ယူနက်စကိုစာရင်းဝင်သတ်မှတ်ချက်တို့ ပါဝင်သည့် သရုပ်ဖော်ဆောင်ရွက်ချက်များ ထည့်သွင်းခြင်း၊ မြန်မာ့သနပ်ခါးနှင့် ပတ်သက်သည့် အကြောင်းအရာများတွင် ပြည်သူအများ ပါဝင်ဆင်နွှဲစေခြင်းများ ထည့်သွင်းဆောင်ရွက်နိုင်မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဟု အကြံပြုလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးက ၂၀၂၅ ခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ယခင်နှစ်များ၏ အားနည်းချက်၊ အားသာချက်အတွေ့အကြုံများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်က ယခင်နှစ်လမ်းလျှောက်သင်္ကြန်ဆောင်ရွက်ခဲ့မှုအကျဉ်းနှင့် ယခုနှစ်တွင် ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် Brilliant Aura Co.,Ltd မှ ပရောဂျက်ဒါရိုက်တာက နေပြည်တော်လမ်းလျှောက်သင်္ကြန်နှင့် ပတ်သက်၍ စီမံဆောင်ရွက်ထားရှိမှုများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တင်သွင်းရရှိမှု၊ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ထပ်မံတင်သွင်းမည့် အခြေအနေနှင့် ၂၀၂၅ ခုနှစ် လမ်းလျှောက်သင်္ကြန်တွင် မြန်မာ့ရိုးရာသင်္ကြန်ပုံစံဆင်နွှဲရန်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက နေပြည်တော်လမ်းလျှောက်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန်လျာထားမှု၊ ရေရရှိရေး၊ ဖျော်ဖြေရေး၊ ကျန်းမာရေးပိုင်းဆိုင်ရာ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ယိမ်းအဖွဲ့များ ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေး၊ လုံခြုံရေး၊ တိုက်ရိုက်(Live) ရိုက်ကူး ထုတ်လွှင့်နိုင်ရေးအပါအဝင် သင်္ကြန်ပွဲတော်ကို အားလုံးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်မှာကြားဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
သတင်းစဉ်