နေပြည်တော် ဖေဖော်ဝါရီ ၂၆
“ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” (Workshop on Mastering Government Communication: Empowering Spokespersons for Effective Public Engage-ment) ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ အာဆီယံအဖွဲ့ဝင် ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဆွေးနွေးပွဲလေ့လာသူအဖြစ်တက်ရောက်သည့် ဂျပန်နိုင်ငံမှကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
တင်ပြဆွေးနွေး
ယနေ့ဆွေးနွေးပွဲ ပထမနေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက အစိုးရ ပြောရေးဆိုခွင့်ရှိသူများ တတ်ကျွမ်းမှုနှင့် စိန်ခေါ်မှု၊ သက်ဆိုင်ရာနိုင်ငံအလိုက် အစိုးရပြောရေး ဆိုခွင့်ရှိသူများ၏ အခန်းကဏ္ဍ၊ မီဒီယာအခင်းအကျင်းနှင့် သတင်းတုသတင်းမှား ကိုင်တွယ်ဖြေရှင်းမှုပုံစံများကို နိုင်ငံအလိုက် တင်ပြဆွေးနွေးကြသည်။
ထို့နောက် သင်တန်းဆရာများကဦးဆောင်၍ ဆွေးနွေးပွဲတက်ရောက်လာကြသူများသည် လူထုနှင့် ဆက်သွယ်သတင်းစကားပေးခြင်းနှင့် သုတေသနပြုခြင်းဆိုင်ရာ အကြောင်းအရာများ၊ အသံတည်းဖြတ်ခြင်းဆိုင်ရာ၊ မီဒီယာနှင့် ဆက်သွယ်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ တွေ့ဆုံမေးမြန်းခြင်းနှင့် ချိတ်ဆက်ဆက်သွယ်ခြင်း ဆောင်ရွက်ရာတွင် သတိပြုရမည့်အချက်များ၊ လုံခြုံရေးအဆင့်အတန်းသတ်မှတ်ထားသော သတင်းအချက်အလက်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် စိန်ခေါ်မှုဖြစ်စေသည့် အကြောင်းအရာများကို ဆက်သွယ်ဖြေရှင်းခြင်း စသည့်အကြောင်းအရာများကို လက်တွေ့လေ့ကျင့်ခန်းများဖြင့် ဝိုင်းဝန်းဆွေးနွေးကြသည်။
သုံးရက်တာ ကျင်းပသွားမည်
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံဒေသတွင်းရှိ အစိုးရပြောရေးဆိုခွင့်ရှိသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် မီဒီယာနှင့် အစိုးရတာဝန်ရှိသူများအကြား ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်ရန်၊ အဓိကကျသည့် သတင်းစကားများ ဖြန့်ဖြူးပေးပို့နိုင်ရန်နှင့် အစိုးရနှင့်ပြည်သူလူထုအကြား ယုံကြည်မှုတည်ဆောက်ရန်သာမက အကျပ်အတည်း အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လိုအပ်သောကျွမ်းကျင်မှုနှင့် အသိပညာများဖလှယ်နိုင်ရန်ရည်ရွယ်ပြီး အာဆီယံပြန်ကြားရေး ဆပ်ကော်မတီ၏ စီမံကိန်းတစ်ခုအဖြစ် အာဆီယံယဉ်ကျေးမှု ရန်ပုံငွေအထောက်အပံ့ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီစဉ်ကျင်းပခြင်းဖြစ်သည်။
သတင်းစဉ်