နေပြည်တော် ဖေဖော်ဝါရီ ၂၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ သင်တန်းများ နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၅ ရက်အတွင်း နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာအထက်တန်းကျောင်း ၃၅ ကျောင်းနှင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၅၆ ကျောင်း စုစုပေါင်း ၉၁ ကျောင်းတို့၌ ကျင်းပလျက်ရှိသည်။
လှည့်လည်ကြည့်ရှုအားပေး
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်၏ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်သင်တန်းများ နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို အင်ဂျင်နီယာ ဘာသာရပ်များအလိုက် စာမေးပွဲခန်းအသီးသီးတွင် ကျောင်းသား ကျောင်းသူများ ရွှင်လန်းချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှုကို ကျောင်းအုပ်ကြီး၊ တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အလုပ်ရုံများနှင့် ကျောင်းဝင်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကျောင်းသားလူငယ်များကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး လိုအပ်သည်များကို မှာကြားပြီး စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်