နေပြည်တော် ဖေဖော်ဝါရီ ၂၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးသည်။
လှည့်လည်ကြည့်ရှု
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် သပြေတန်းကျေးရွာအုပ်စု ရာဇဌာနီလမ်းဘေးရှိ ကွင်းအမှတ် ၁၆၄၁ အတွင်း ဆောင်းနေကြာ မျိုးစေ့ထုတ်စိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်၌ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကွင်းအမှတ် ၁၆၄၁ ဆောင်းနေကြာမျိုးစေ့ ထုတ်စိုက်ခင်းတွင် ဆင်ရွှေကြာ-၂ နေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
နဝင်းချောင်းတံတား လုပ်ငန်းခွင်ကြည့်ရှု
ဆက်လက်၍ တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၂၄၅/၇ နဝင်းချောင်းတံတား (အဆုံတံတား) ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် နေပြည်တော် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် Gabion Box ကမ်းထိန်းနံရံ၊ မြစ်ကြောင်းဖြောင့်ခြင်းနှင့် Guide Wall တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုလုပ်ငန်းခွင်ကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာအုပ်စု နွယ်ရစ်ကျေးရွာအနီး တောင်သူများစိုက်ပျိုးထားသည့် ပန်းမုန်လာ၊ ပန်းစိမ်း၊ ဂေါ်ဖီ၊ ဖူးစားပြောင်း၊ ကြက်သွန် စသည့်ဟင်းသီးဟင်းရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဈေးကွက်ရရှိရေးမှာကြား
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာ၌ စက်ရက်ကန်းအလုပ်ရုံလုပ်ငန်းလည်ပတ်နေမှု အခြေအနေများနှင့် ပိတ်စများထုတ်လုပ် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးစဉ် ဒေသမှထွက်ရှိသည့် ဝါကုန်ကြမ်းများကို အသုံးပြုနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ဈေးကွက် ရရှိရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်