နေပြည်တော် အောက်တိုဘာ ၅
ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဒု-ဥက္ကဋ္ဌ ဒေါ်ခင်စန်းမူက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက် စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။
အဆိုပါဟောပြောချက် စာမူအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
လေးစားအပ်ပါသော မဲဆန္ဒရှင် မိဘပြည်သူများရှင်-
ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
ကျွန်မကတော့ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီမှ ဒုဥက္ကဋ္ဌ ဒေါ်ခင်စန်းမူဖြစ်ပါတယ်။ မဲဆန္ဒရှင် မိဘပြည်သူများရှင်။ ကျွန်မတို့ ပါတီရဲ့ ဖြစ်ပေါ်လာမှုနှင့် ဖွဲ့စည်းတည်ရှိမှုတို့ကို တင်ပြမှာဖြစ်ပါတယ်။
ကျွန်မတို့ပါတီဟာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ နိုင်ငံရေးအမြင် ရှိသူများ၊ စီးပွားရေးအမြင်ရှိသူများ၊ ပြည်သူ များရဲ့ အကျိုးကိုဦးထိပ်ပန်ဆင် ကာ ပြည်သူ့အကျိုးကို ထဲထဲဝင်ဝင် ဆောင်ရွက်ပေးလိုသော အတွေ့ အကြုံ ရှိကြသော ပုဂ္ဂိုလ်များနှင့် စုဖွဲ့ကာ ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ ပါတီရဲ့ အလံနှင့် တံဆိပ်ကိုလည်း အဖြူရောင် ခွပ်ဒေါင်းကို ကြယ် (၁၄)လုံးမှ စက်ဝိုင်း ပုံသဏ္ဌာန် ၀န်းရံထားပါတယ်။
အဓိပ္ပာယ်ဖော်ပြရမယ်ဆိုလျှင် ဒီမိုကရေစီပြောင်းလဲရေးအတွက် တစ်တိုင်းပြည်လုံး ဆန္ဒထုတ်ဖော်ပြသ ရာတွင် ယနေ့ပါတီဖွဲ့စည်းခဲ့သော ပါဝင်ခဲ့သော ပုဂ္ဂိုလ်များသည် ကျောင်းသားအဖြစ် တည်ရှိနေရာမှ ပြည်သူ များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ကျောင်းသားများ ဖြစ်သည့်အတွက် ကျောင်းသားများရဲ့ သင်္ကေတ (ဗိုလ်ချုပ်အောင်ဆန်းတို့မှ စတင်ခဲ့သည့်) ခွပ်ဒေါင်းအား သင်္ကေတယူခဲ့ပါသည်။ ယခင်က ခွပ်ဒေါင်း သည် နယ်ချဲ့ဆန့်ကျင်ရေးကာလဖြစ်သည့်အတွက် မျိုးချစ်စိတ်ရှိစေရန် အနီရောင် ဖြစ်သော်လည်း ယနေ့ကာလသည် ငြိမ်းချမ်းစွာ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးနေသည့်အတွက် အရောင်ကင်း၍ အဆင်း လှသော “အဖြူရောင် ခွပ်ဒေါင်း” ဖြစ်ပါသည်။ ဝန်းရံထားသော ကြယ်(၁၄)လုံးမှာ ကျွန်မတို့ရဲ့ ညီနောင် များဖြစ်တဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်သော ပြည်နယ်ဒေသကြီး၊ တိုင်းဒေသကြီးများအတွက် သင်္ကေတအမှတ်အသား ဖြစ်ပါတယ်။
မဲဆန္ဒရှင် မိဘပြည်သူများရှင်-
ကျွန်မတို့ပါတီရဲ့ မူဝါဒသဘောထားများကို ဆက်လက်တင်ပြ အစီရင် ခံပါမယ်ရှင်။
နိုင်ငံခြားရေးမူဝါဒအနေဖြင့်
ဘက်လိုက်မှုကင်းပြီး လွတ်လပ်၍ တရားမျှတသော မူဝါဒဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခု၊ နိုင်ငံတစ်နိုင်ငံရဲ့ လွှမ်းမိုးခြင်းကို လက်မခံဘဲ ဘက်လိုက်မှုကင်းရှင်းခြင်းကို လက်ခံတဲ့ မူဝါဒဖြစ် ပါတယ်။
မည်သည့်နိုင်ငံကိုမျှ ကျူးကျော်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း ပြုလုပ်မှာမဟုတ်သလို၊ မိမိနိုင်ငံနဲ့ တိုင်းပြည်လူမျိုးပေါ်ကိုလည်း ကျူးကျော် ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းတို့ကို မည်သည့်အခါမျှ လက်ခံမည် မဟုတ်ဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒကို ကျင့်သုံးပါမည်။
အင်အားကြီးနိုင်ငံများ/ လက်နက်အင်အားတောင့်တင်းသော နိုင်ငံများ နှင့် ထိစပ်နေသည့် ကျွန်မတို့ တိုင်းပြည်အတွက် အင်အားတောင့်တင်းသော ခေတ်မီလက်နက်တပ်ဆင်ထားသော ပြည်ထောင်စု တပ်မတော် တစ်ရပ် ဖြစ်တည်ရေး ဆောင်ရွက်မည့် မူဝါဒများ ဖြစ်ပါတယ်။
မဲဆန္ဒရှင် မိဘပြည်သူများရှင်
စီးပွားရေးမူဝါဒအနေနဲ့
အခြေခံလူတန်းစားအများစု ပါဝင်သော စီးပွားရေးလုပ်ငန်းများအား ဦးစားပေးပါမည်။ အခြေခံ အလုပ်သမား များပါဝင်သော အသေးစား တစ်ပိုင် တစ်နိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးဆောင်ရွက်ပါမည်။ အများပိုင်ကုမ္ပဏီများ ပေါ်ပေါက်ရေးဦးစားပေးပါမည်။
အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဆောင်ရွက်နိုင်ရန် မူဝါဒနှင့်အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား ခွင့်ပြုဆောင် ရွက်ပေးပါမည်။ ပညာရေးမူဝါဒ အား ဆက်လက်တင်ပြပါမည်။
မသင်မနေစနစ်အား အခြေခံပညာအထက်တန်းအထိ အဆင့်ဆင့် ဆောင်ရွက်ပေးပါမည်။ လုပ်ငန်းခွင် ဝင်ရောက်နိုင်ရန် လူသားအရင်းအမြစ်များ ရရှိရေးအတွက် ခေတ်မီလျော်ညီသော သက်မွေးဝမ်းကျောင်း ပညာရေးမူဝါဒ ချမှတ်ဆောင်ရွက်ပါမည်။
ပညာရေးအစ၊ ဘက ပညာရေးကျောင်းကဆိုသည့် စကားအရ၊ တိုင်းရင်းသားပြည်သူအများ လေးစား ယုံကြည်သည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွင့်လှစ်နိုင်ရေး ဦးစားပေးဆောင်ရွက်ပါမည်။
ကျန်းမာရေးမူဝါဒအား ဆက်လက်တင်ပြပေးပါမည်။
လက်ရှိနိုင်ငံတစ်ဝှမ်းရှိ ဆေးရုံ/ဆေးခန်းများအား နိုင်ငံတကာနှင့် ယှဉ်နိုင် စေရန် ခေတ်မီကိရိယာများ တပ်ဆင်ခြင်းအား ဦးစားပေးပါမည်။ သက်ကြီး ရွယ်အိုအားလုံးအား ဆေးဝါးအခမဲ့ကုသခြင်းနှင့် ကျန်းမာရေး စောင့်ရှောက် ပေးသော ဂေဟာများ ဖွင့်လှစ်တည်ထောင်ပေးပါမည်။
ကလေးမွေးဖွားစဉ် သေဆုံးမှုလျှော့ချရေးနှင့် အသိပညာပေးမှုများအား လုပ်ငန်းစဉ် တစ်ရပ်အဖြစ် မဖြစ်မနေ ဆောင်ရွက်ပေးသွားပါမည်။ တိုင်းပြည် ၏ အခြေခံဒေသများဖြစ်သော မြို့များနှင့် ဝေးကွာသည့် နေရာဒေသ များ၊ တောင်ပေါ်ဒေသများတွင် ကျေးရွာအုပ်စုအလိုက်၊ တိုက်နယ်ဆေးရုံတစ်ရုံစီနှင့် ကျန်ကျေးရွာများတွင် ဆေးပေးခန်း/ သားဖွားခန်းများအား ဖွင့်လှစ်နိုင်ရေး အထူးဦးစားပေးဆောင်ရွက်သွားပါမည်။
လူမှုရေးမူဝါဒအား ဆက်လက်တင်ပြပါမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ပြည်သူများ ယုံကြည် ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ၊ မွတ်ဆလင်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာတို့အပြင် အခြားမိမိယုံကြည်ရာကိုးကွယ်မှုများကို လွတ်လပ်စွာ ကိုးကွယ်နေမှုအား ဆက်လက်၍ ကူညီပံ့ပိုးပေးသွားပါမည်။ အသင်း/အဖွဲ့များ အား ဥပဒေနှင့် အညီ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်နိုင်ရေး ဆောင်ရွက် ပေးပါမည်။ နိုင်ငံသားတိုင်းရရှိမည့် တန်းတူ အခွင့်အရေးရရှိမှုများအား တိုးတက်နိုင်သမျှ တိုးတက်စေရေး ဦးစားပေးပါမည်။
နိုင်ငံရေးမူဝါဒအား ဆက်လက်တင်ပြပါမည်။
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြင့် စည်းလုံးညီညွတ်သော ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးကို ဦးစားပေးဆောင်ရွက်ပါမည်။ ဖက်ဒရယ်ပြည်ထောင်စု၏ အဓိကအစိတ် အပိုင်းများ ဖြစ်သော တိုင်း/ပြည်နယ်များ အာဏာခွဲဝေမှုနှင့် လုပ်ပိုင်ခွင့်အခွင့်အလမ်းများ၊ ခွင့်တူညီမျှရေး အတွက် ဦးစားပေးတောင်းဆိုသွားပါမည်။
မဲဆန္ဒရှင် မိဘပြည်သူများရှင်
ကျွန်မတို့ပါတီဟာ အခြေခံလူတန်းစားဖြစ်တဲ့၊ တောင်သူလယ်သမား၊ အလုပ်သမားများ အများဆုံးနေထိုင် ရာမြို့နယ်မှာ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပါတီဖြစ်ပါတယ်။ ဒါ့ကြောင့် လယ်သမားများရဲ့ အခွင့်အရေးများကို မဆုံးရှုံး စေရန် အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လယ်သမားများရဲ့ လယ်ယာမြေများအား မှန်ကန်စွာ ပြန်လည်ရရှိရေး ဖြစ်ပေါ်စေရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တင်ပြလိုပါတယ်။ ယခု ကျွန်မတို့ပါတီ အခြေစိုက်ရာဒေသသည် စက်ရုံပေါများပြီး အလုပ်သမားထုများ များပြားစွာ လုပ်ကိုင်လျက် ရှိပါတယ်။ အနယ်နယ်အရပ်ရပ်မှ လာရောက်အလုပ်လုပ်ကိုင် နေကြသော ညီအစ်ကိုမောင်နှမများအား ၎င်းတို့၏ အခက်အခဲများကို အဓိက ထား ဦးစားပေး ညှိနှိုင်းဖော်ဆောင်ပေးသွားပါမယ်လို့ ကတိပြုပါတယ်။ ရသင့်ရထိုက်သည်များကို အမှန်တကယ်ရရှိရေး အထူးဆောင်ရွက်ပေးသွား ပါမယ်လို့ ကတိပေးအပ်ပါတယ်။
မဲဆန္ဒရှင်မိဘပြည်သူများရှင်
အထက်ကဖော်ပြခဲ့တဲ့ ကျွန်မတို့ပါတီရဲ့မူဝါဒများကို မိဘပြည်သူများ အား တင်ပြဆွေးနွေးခြင်းသည် ယခု ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီး မှာ ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် အတွေးများပြီး အရွေးမမှားစေဖို့ တင်ပြခြင်းဖြစ်ပါတယ်။ ကျွန်မတို့ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၇ အရ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကို ကျင့်သုံးသည်ဟု ဖော်ပြချက်အား အပြည့်အဝထောက်ခံပြီး ရွေးကောက်ပွဲ ဝင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ပြည်သူအားလုံး လိုလားသော ဒီမိုကရေစီစနစ် ကို တစ်သင်း /တစ်ဖွဲ့/ တစ်ပါတီတည်းမသွားဘဲ ပါတီစုံကို အခြေခံသွားခြင်း ဖြစ်ကြောင်း မှန်ကန်သောလမ်းကြောင်းအဖြစ် မှတ်ယူပါတယ်။
မိဘပြည်သူများရှင်
ကျွန်မတို့ပါတီဟာ အမှီအခိုကင်းပြီး အရောင်ဖြူစင်တဲ့အတွက် ဘယ်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ နောက်က လိုက်နေရတဲ့ နောက်လိုက်တွေ မဟုတ်ပါဘူး။ ကျွန်မတို့ ပါတီဝင်အားလုံးဟာ ဒီမြေမှာမွေး၊ ဒီမြေမှာကြီး၊ ဒီရေကို အတူသောက်ခဲ့တဲ့ ညီရင်းမောင်နှမတွေပါ။ ကျွန်မတို့ ကိုယ့်အိမ်၊ ကိုယ့်နိုင်ငံကိုပစ်ပြီး ဘယ်မှမ သွားခဲ့ကြဘဲ၊ ဒီတိုင်းပြည်အပေါ်မှာ သံယောဇဉ် ရှိစွာ နေခဲ့ကြတာပါ။ ယနေ့မဲပေးမယ့် မိဘပြည်သူများဟာ ဒီနိုင်ငံမှာမွေးရာကစ သေဆုံးသည့်တိုင် နေထိုင်လျက်ရှိကြတဲ့အတွက် စိတ်ထားမြင့်မြတ်တဲ့ မြန်မာ လူမျိုးများဖြစ်ကြောင်း တင်ပြလိုပါတယ်။
သေအတူရှင်မကွာ ဒီနိုင်ငံရဲ့ ခေတ်အဆက်ဆက် တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ယခုလို ဖော်ဆောင် ခွင့်ရတဲ့ အချိန်မှာ မြန်မာနိုင်ငံသား စိတ်ဓာတ်အပြည့်နဲ့ ထမ်းဆောင်ချင် ပါတယ်။ အပေါ်ယံသဘောနဲ့ ပြောဆိုမှု များကို ရှုတ်ချပြီး မှန်ကန်စွာပြောဆိုတဲ့ အခြားပါတီတွေကို မဲပေးကြပါ။ အရွေး မမှားစေပါနဲ့။ ကိုယ့်တိုင်း ပြည်ကို နွံထဲ အကျမခံပါနဲ့လို့ တင်ပြချင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်မယ့် ကျွန်မတို့ပါတီကိုယ်စားလှယ်လောင်းများရဲ့ အရောင်ကင်း အဆင်းဖြူတဲ့ ဒေါင်းဖြူကို ကြယ်(၁၄)လုံး ဝန်းရံထားသော ကျွန်မတို့ပါတီရဲ့ သင်္ကေတဘေးမှာ အမှန် တံဆိပ် ခတ်နှိပ်ပေးရင်း ရွှင်လန်းတက်ကြွစွာ မဲပေး ကြပါ။ ကျွန်မတို့ပါတီအနေဖြင့် အပြောကောင်းခြင်းမဟုတ်ဘဲ အကောင်း ပြောခြင်းသာဖြစ်ကြောင်း လေးစားစွာ တင်ပြအစီရင်ခံအပ်ပါသည်ရှင်။
ကျွန်မတို့ပါတီရဲ့ ဆောင်ပုဒ်ကတော့-
လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ၊
စဉ်ဆက်မပြတ် ပြည်သူ့အတွက်၊
အားသွန်ခွန်စိုက်ထမ်းရွက်ကာ၊
ပြည်သူချစ်တဲ့ဒေါင်းဖြူပါ။ ဖြစ်ပါတယ်။
မဲဆန္ဒရှင်မိဘပြည်သူများ ရွှင်လန်းချမ်းမြေ့စေကြောင်း ဂါရဝပြု နှုတ်ခွန်း ဆက်သလိုက်ပါတယ်ရှင်။
သာယာပါစေ တို့အမိမြေ
တေးရေး/တေးဆို -စောကြီး
V1 သမိုင်းတစ်ခေတ် ဆန်းသစ်လို့လာပြီ .. ဒီမိုကရေစီနိုင်ငံသစ်သို့ချီ...
ကျောင်းသားများရဲ့ အားမာန်နဲ့ ... ဒီပါတီကို တည်ထောင်ခဲ့ကြပြီ ...
ဇွဲလုံ့လ ဝီရိယ အားမာန်နဲ့ ... ပြည်သူ့အကျိုးကို မျှော်ကိုးလို့ရယ် ... ဘယ်နေရာမဆိုအရှေ့က မားမား မတ်ရပ်တည် . . . ပျော်ရွှင်ဖွယ်ရာ နိုင်ငံသစ်သို့ချီ...
V2 မြန်မာသမိုင်းရဲ့ ခရီးလမ်းတစ်လျှောက်မှာလည်း ... ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ...
ကျောင်းသားများက ဦးဆောင်ပြီး ... အသက်ပေးကာ တာဝန်ထမ်း ခဲ့သည် ...
အားလုံးရဲ့ ဘဝအေးချမ်းဖို့ ... နိုင်ရာတာဝန်ကိုယ်စီထမ်းကြပြီ...
ညီညွတ်ခြင်းနဲ့ စည်းလုံးခြင်းအားမာန် ... ဒီမိုကရေစီကိုလေ ဖော်ဆောင်ပြီ...
CHO ပြည်ထောင်စုမပြိုကွဲရေး . . .
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ...
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ...
စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော .. ဒီမိုကရေစီထွန်းကားရေး ...
လွတ်လပ်ခြင်း တရားမျှတခြင်းနဲ့အတူ လောကပါလတရားများ ထွန်းကားရေးအတွက်ဦးတည်ပါမည်။
V3 ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ... ပြည်သူ့အကျိုးကို ထာဝရ ထမ်းရွက်မည် ...
လူ့အခွင့်အရေးအပြည့်အ၀ရစေမည် . . . သန္နိဋ္ဌာန်ဧကန်ချမှတ်ပြီ ...
ပြည်သူ့အရေးနဲ့ အခြားအရေးများပါမကျန် ... ဘာသာရေးနဲ့ သာသနာ ရေးများအတွက် ...
အတူလက်တွဲကာ ကြိုးစားခရီးဆက်မယ် ... သာယာပါစေ တို့မိမြေ...
CHO (ပြည်ထောင်စုမပြိုကွဲရေး ...
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ... ။
အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ...
စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော . . ဒီမိုကရေစီထွန်းကားရေး ...
လွတ်လပ်ခြင်း တရားမျှတခြင်းနဲ့အတူ .. လောကပါလတရားများ ထွန်းကားရေးအတွက် ဦးတည်ပါမည်။)၂
တို့ရဲ့ မြန်မာပြည် ကြီးပွားတိုးတက်ရေးအတွက် .. အစဉ်ကြိုးစား နေမည် ...