Skip to main content

ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်

 

စီးပွားရေးတိုးတက်မြင့်မားရေးသည် နိုင်ငံတစ်ခု၏ နိုင်ငံသားတို့အတွက် အခြေခံကျသည့်လိုအပ်ချက်ဖြစ်၏။ ဒါက ငြင်းစရာမရှိသော အဆိုဖြစ်ပါသည်။ သို့သော်လည်း သည်ကနေ့ ပေါ်ထွက်လာ သည့်ကိုဗစ် ကပ်ရော ဂါက ကမ္ဘာ့နိုင်ငံအားလုံးကို စီးပွားရေးအကျပ် အတည်း ဘောင်အတွင်းသို့ တွန်းထည့်လိုက်၏။ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါပိုး၏ ကူးစက်ပြန့်ပွားမှုသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံကြား ပုံမှန်ကူးလူးဆက်ဆံမှု လုံးဝပြတ် တောက်သလောက် ဖြစ်သွားခဲ့မှု တစ်ခုတည်းကပင် နိုင်ငံတကာ စီးပွားရေးရာလုပ်ငန်းများ မည်မျှလောက် ကျပ်တည်းရပ်တန့်သွားမည်ဆိုသည်ကို မှန်းဆနိုင်ပါလိမ့်မည်။

ဈေးကွက်များအားလုံး ကမောက်ကမဖြစ်ကုန်သည့်အတွက် စီးပွားရေးအရ ထိပ်တန်းရောက်နေသော နိုင်ငံကြီး များသည်ပင် လက်ငင်းစီးပွားရေးအနေအထားကိုလည်းကောင်း၊ နောင်လာ လတ္တံ့သော အချိန်များ အတွက်ကို လည်းကောင်း ခေါင်းခဲနေကြရသည်ဖြစ်ရာ နဂိုမူလကတည်းက စီးပွားရေးအရ တိုးတက်ဖွံ့ဖြိုးမှု တွင် နောက်ကျ ကျန်နေခဲ့သော မြန်မာနိုင်ငံအဖို့မူ ဆိုဖွယ်ရာမရှိ ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ငွေကြေးပြည့်စုံသူ လုပ်ငန်းရှင်ကြီးများ၏ စီးပွားရေး အခက်အခဲဆိုင်ရာ ညည်းတွားသံများကို ကြားနေကြ ရသည်လည်းဖြစ်ရာ လက်လုပ်လက်စားများ ဈေးတောင်းဗန်းရွက် များအတွက်ဆိုလျှင်လည်း ဆိုဖွယ်ရာမရှိဟုပင် ပြောရပါမည်။

သို့သော်လည်း မြန်မာနိုင်ငံအဖို့ စီးပွားရေးအရ အလွန် နောက်တန်းကျခဲ့ရသည်ဟုဆိုသော်လည်း အစိုးရက စီးပွားရေး ပြန်လည်ထိန်းကျောင်းနိုင်ရေးအတွက် အစီအစဉ်များကို ပြင်ဆင် နေသည့်အကြောင်း သတင်း များတွင် တွေ့ရသည့်အတွက် အတိုင်း အတာတစ်ခုထိတာသွားလိမ့်မည်ဟု မျှော်လင့်ရပါသည်။

အခြားတစ်ဖက်တွင် မြန်မာလူမျိုးတို့၏ ယေဘုယျ လက္ခဏာဟုဆိုရမည့် အခက်အခဲများကြုံလျှင် ပုံမှန်ထက် ပိုမိုညီညွတ်တတ် ကြသည့် ဓလေ့ရှိသည်ကလည်း များစွာအထောက်အကူ ဖြစ်နိုင်သည်ဟု ယူဆပါသည်။

ယခုပင်လျှင် ငွေကြေးတတ်နိုင်သူတို့က ပိုးရှိသူများကို သီးသန့်ခွဲခြားထားရန် နေရာများအတွက် လှူဒါန်းကြ သည်များ၊ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် နေထိုင်နိုင်ရန် အဆောက်အအုံများ နေရာများကို လှူဒါန်းကြသည်များ စသည့်သတင်းတို့က နေ့စဉ်လိုလို ပေါ်ထွက်နေပါသည်။ တတ်နိုင်လျှင် တတ်နိုင်သလို အစားအသောက်လှူဒါန်းသူများ၊ နှာခေါင်းစည်းလှူဒါန်းသူများ၊ အသက်ရှူစက်ကဲ့သို့သော အရေးတကြီး လိုအပ် သည်တို့ကိုလှူဒါန်းကြသူများ စသည်ဖြင့် နိုင်ငံသားအားလုံး၏အရေးကို အားလုံးက စိတ်ဝင်စားကြ၊ အားတက်သရောရှိကြသည်က အကျပ်အတည်းကို အောင်မြင်စွာကျော်လွှားနိုင်ရေးအတွက် အင်အားကြီးဖြစ် ပါသည်။

ရုပ်ပိုင်းဆိုင်ရာ လှူဒါန်းရန် ခက်ခဲသူတို့ကလည်း လုပ်အား အကူအညီပေးကြ၊ စိတ်ဓာတ်ရေးရာအရ ကူညီအား ပေးကြဖြင့် စိတ်အားတက်ကြွဖွယ်ရာ ဖြစ်ပါသည်။

နန်းတော်ရှေ့ဆရာတင်၏ သီချင်းလို ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင် လက်ရည်တစ်ပြင်တည်း ရှေးက ထက်ပိုချစ်ကြ တယ်...ဟု ဆိုရမည်။ အခက်အခဲကြုံရချိန်တွင် ပိုမိုညီညွတ်ကြ၊ အချင်းချင်း ပိုမို ချစ်ကြည်ကြ၊ အချင်းချင်း ပိုမိုမေတ္တာထားကြ၊ အချင်းချင်း ပိုမိုကူညီကြခြင်းဖြင့် အသက်ရှည်ရှည်ခင်ခင်မင်မင် နေကြပါစို့။

လူ့ဘ၀ဆိုသည်က အခက်အခဲများ စိန်ခေါ်မှုများကို တစ်နည်း မဟုတ်တစ်နည်း ရင်ဆိုင်နေကြရသည် ချည်းသာ ဖြစ်ပါ၏။

ယခုကဲ့သို့ နိုင်ငံနှင့်ချီ၍၊ ကမ္ဘာနှင့်ချီ၍ ခက်ခဲမှုများကိုကြုံတွေ့ ရင်ဆိုင်နေရချိန်တွင် ညီညီညွတ်ညွတ်ဖြင့် လူအချင်းချင်း မေတ္တာ ထားကြ၊ ကူညီကြ၊ လှူဒါန်းကြဆိုသည့်ဓလေ့က ကိုဗစ်ကာလကို အောင်မြင်စွာ ကျော်လွှားရန်အတွက်သာမက ကိုဗစ်အလွန်ကာလ ရင်ဆိုင်ကြရဦးမည့်လာလတ္တံ့သော အခက်အခဲများကိုပါ အောင်မြင် နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။