Skip to main content

ရိုးရာဓလေ့၊ ရိုးရာထုတ်ကုန်တွေကို လာရောက်ပြသပြီး MSME လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခွင့်ရတဲ့အတွက် ကျေနပ်အားရမိပါတယ်

ဒေါ်မရမ်ယိမ်းနန်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ထွက်ရှိသည့် ဒေသထွက်ကုန်များ၊ ရိုးရာအစားအသောက်များ၊ ဒေသန္တရထွက်ကုန်များကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည့် စက်ယန္တရားနှင့် နည်းပညာများကို အနယ်နယ်အရပ်ရပ်မှပြည်သူများ စိတ်အားထက်သန်စွာ လာရောက်ကြည့်ရှုလေ့လာလျက်ရှိကြပြီး ဆုရရှိသူများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးပြခန်းများမှ တာဝန်ရှိသူများ၏ ရင်တွင်းပီတိစကားသံများကို တွေ့ဆုံမေးမြန်းရေးသားလိုက်ရပါသည်-

ဒေါ်မေဖူးပွင့်စိုး

ဥက္ကဋ္ဌ၊ နိုင်ငံတကာခေါင်းဆောင်မှု

တက္ကသိုလ်-ILU (နေပြည်တော်)

ကျွန်‌မတို့အနေနဲ့ ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်းဖြစ်တဲ့ ကျောင်းသား ကျောင်းသူတွေ ၈၇ ‌ဦးနဲ့ လာရောက်လေ့လာတာဖြစ်ပါတယ်။ ပြပွဲက Digital Corner ကိုလည်း လေ့လာခဲ့ပါတယ်။ နေပြည်တော် ပိုလီတက်ကနစ်ရဲ့ ပြခန်းကိုလေ့လာခဲ့သလို မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ရဲ့ ပြခန်းကိုလည်း လေ့လာခဲ့ပါတယ်။

ဒီလို လေ့လာခွင့်ရတဲ့အခါမှာ မြန်မာနိုင်ငံကွန်ပျူတာအသင်းရဲ့ နည်းပညာတွေကို သိခဲ့ရပါတယ်။ MSME ဆိုတာဘာလဲ၊ MSME ရဲ့ roll တွေက ဘာတွေရှိသလဲ၊ MSMEက Digital စနစ်နဲ့ ဘယ် လိုချိတ်ဆက်ထားသလဲဆိုတာတွေ သိခဲ့ရသလို မြန်မာနိုင်ငံက လူငယ်တွေအတွက် နည်းပညာအပိုင်းမှာ ဘာတွေလိုအပ်နေသလဲ ဆိုတာတွေ သိခွင့်ရခဲ့ပါတယ်။ ကျွန်မတို့ နိုင်ငံအနေနဲ့ e- Government ကို လျှောက်လှမ်းတဲ့ အခါ၊ Digital အသွင်ကူးပြောင်းဖို့ လုပ်နေတဲ့အချိန်မှာ အခုလိုမျိုး ပြပွဲတွေက အင်မတန်အရေးကြီးပါတယ်။ အခု ဒီပြပွဲကနေ MSME လုပ်ငန်းတွေကို တွေ့ရတယ်၊ အစိုးရတက္ကသိုလ်တွေရဲ့ နည်း ပညာတွေကိုလည်းမြင်ရတယ်။ ဒီလိုလုပ်ငန်းတွေ၊ ထုတ်ကုန်တွေ ကို တစ်နေရာတည်းမှာ တွေ့ခွင့်ရခဲ့ပါတယ်။ အကျိုးကျေးဇူးများတဲ့အတွက် ဒီလိုမျိုးပြပွဲမျိုးကို နှစ်စဉ်ကျင်းပတာမျိုး၊ တစ်နှစ်မှာတစ်ကြိမ်၊ နှစ်ကြိမ်လုပ်တာမျိုး လုပ်သင့်ပါတယ်။ပြပွဲလုပ်တဲ့အခါမှာလည်း အနည်းဆုံး တစ်ပတ်လောက်အထိ ကျင်းပပေးနိုင်ရင် ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။

ဒေါ်သန်းသန်းနု

ဒေသတစ်ခုထုတ်ကုန်တစ်ခု အကောင်းဆုံးဆု ကယားပြည်နယ်

ပြောင်းအခြေခံထုတ်ကုန်ကို ၂၀၂၃ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့ပြောင်းကို အခြောက်ခံပြီး ထုတ်ကုန်တွေထုတ်ပါတယ်။ ပြည်နယ်ကထွက်တဲ့ ပြောင်းကလည်း ပြည်ပအထိ တင်ပို့နိုင်တဲ့အဆင့် အထိ အရည်အသွေးမြင့်မားပါတယ်။ ကျွန်မတို့ ထုတ်လုပ်တဲ့ပြောင်းက မြန်မာတစ်နိုင်ငံလုံးကထွက်ရှိတဲ့ ပြောင်းတွေနဲ့ ယှဉ်လို့ရပါတယ်။ အဲဒီလိုအရည်အသွေး တွေရှိတယ်ဆိုတာကို သိစေချင်တဲ့ရည်ရွယ်ချက်နဲ့ လာရောက်ပြသရခြင်းဖြစ်ပါတယ်။ ပြောင်းထုတ်ကုန်အပြင် နိုင်ငံခြားကို တင်ပို့နိုင်ဖို့ ပီလောပီနံထုတ်ကုန် ကိုလည်း ထုတ်လုပ်ဖို့ပြင်ဆင်နေပါတယ်။ အခုလို ပြည်ထောင်စုအဆင့် MSME ပြပွဲပြိုင်ပွဲမှာ ဆုရတဲ့အတွက်လည်းအများကြီး ဝမ်းသာဂုဏ်ယူရပါတယ်။ အခုလိုပြပွဲပြိုင်ပွဲတွေမှာ အရင်ကဝင်ရောက်ယှဉ်ပြိုင်ခဲ့တာတော့ မရှိခဲ့ပါဘူး။ အခုတစ်ကြိမ်ကပထမဆုံးပါ။ ထုတ်လုပ်ရောင်းချလာတာ ကတော့ကြာပါပြီ။ အခုလို နိုင်ငံတော်အဆင့်ပွဲကြီးမှာ ဝင်ရောက်ပါဝင်ပြသရောင်းချခွင့်ရတဲ့အတွက်လည်း တာဝန်ရှိသူတွေကိုအများကြီး ကျေးဇူးတင်ပါတယ်။

ဦးထက်လင်းအောင်

ဒေသတစ်ခုထုတ်ကုန်တစ်ခု အကောင်းဆုံးဆု မွန်ပြည်နယ်

အခုလို ပြည်ထောင်စုအဆင့် MSME ပြပွဲပြိုင်ပွဲကြီးမှာ ဆုရတဲ့အတွက် အဘက်ဘက်ကနေ ထောက်ပံ့ကူညီပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ အခုဆုရခဲ့တာကတော့ နုရော်ဘာအဆင့်မြင့် ထုတ်ကုန်ထုတ်လုပ်မှုနဲ့ အထူးဆုရခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာ ပြည်တွင်းထုတ်လုပ်မှုအပြင် ပြည်ပတင်ပို့နိုင်ဖို့ ထုတ်လုပ်လျက်ရှိပါတယ်။ စက်ရုံတည်ထောင်ပြီး ထုတ်လုပ်လာခဲ့တာကတော့ လေးနှစ်ရှိပါပြီ။ လုပ်ငန်းကတော့ မိသားစုပိုင်လုပ်ငန်းဖြစ်ပါတယ်။ ရော်ဘာထုတ်ကုန်တွေ မထုတ်လုပ်ခင်ကတည်းက ရော်ဘာစိုက်ပျိုးမှုကို ဘိုးဘွားအစဉ်အဆက်ကတည်းက လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။ အခုလိုပြပွဲပြိုင်ပွဲတွေ ကျင်းပပြုလုပ်ပေးတဲ့အတွက် ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေကိုလည်း ပြသခွင့်ရတဲ့အတွက်အများကြီး အကျိုးကျေးဇူးရရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်မယ့်ထုတ်ကုန်ပစ္စည်းတွေ ဆက်လက်ထုတ်လုပ်သွား နိုင်ဖို့လည်းကြိုးစားလုပ်ကိုင်သွား ဖို့ရှိပါတယ်။

ဦးအောင်မောင်း

စစ်ကိုင်းတိုင်းဒေသကြီး MSME ပြခန်းတာဝန်ခံ

ကျွန်တော်တို့ MSME ပြခန်းမှာ ပြခန်းပေါင်း ၃၆ ခုရှိပါတယ်။ အဲဒီ ထဲမှာမှ ကုန်ထုတ်လုပ်မှုအမယ်ပေါင်း ၄၃၃ မျိုးရှိပြီး အရေအတွက် အားဖြင့် ၉၈၇၀ ပါဝင်ပါတယ်။ တန်ဖိုးအားဖြင့် ငွေကျပ်သန်း ၂၃၁ ဒသမ ၆၇၆ သန်းဖြစ်ပါတယ်။ MSME မှာ နှစ်မျိုးရှိပါတယ်။ ပထမတစ်ခုက MSME OROP နဲ့ နောက်တစ်ခုက Small၊ Medium၊ Micro ဆိုပြီး ခွဲထားပါတယ်။ အဲဒီအထဲမှာမှ OROP က သုံးမျိုး၊ Small က သုံးမျိုး၊ Medium က သုံးမျိုးနဲ့ Micro က သုံးမျိုးစုစုပေါင်း ၁၂ မျိုးဖြစ်ပါတယ်။ ခွဲခြားပြသထားတဲ့ ရည်ရွယ်ချက်ကတော့ ပြည်တွင်းထွက်ကုန် ကုန်ကြမ်းကနေထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေကို အားပေးဖို့၊ သွင်းကုန်အစားထိုးပြီး တန်ဖိုးမြှင့် ထုတ်ကုန်တွေထုတ်လုပ်ဖို့နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံထုတ် ကုန်တွေကို တိုးမြှင့်ထုတ်လုပ်ဖို့နဲ့ ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) ဆိုပြီး ဆောင်ရွက်ထားတာဖြစ်ပါတယ်။ OROP မှာဆိုရင် တစ်နိုင်ငံလုံးသိရှိပြီးဖြစ်တဲ့ ရွှေဘို ပေါ်ဆန်းကို ပါဝင်ယှဉ်ပြိုင်ပြသထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ ခင်းကျင်းပြသထားတဲ့ ပြကုန်တွေအပြင်ခိုတောင် မုန့်တီ၊ ရေဦးကြက်အူချောင်း၊ ဝက်အူချောင်းနဲ့ ဟုမ္မလင်းခေါင်းစီးထမင်းသုပ်စတဲ့ ရိုးရာအစားအစာတွေ ကိုလည်းပြသထားပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့ MSME ပြပွဲ၊ ပြိုင်ပွဲမှာအမယ်ကို တတ်အားသလောက် အစုံအလင်ပါဝင်ယှဉ်ပြိုင်ပြသ ထားပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာပေါ်မှာသယံဇာတ အများဆုံးထွက်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ တကယ်တမ်းထုတ်ဖော် ဖို့ကျအားနည်းကြတော့ ရှိတဲ့ဟာ ကို ထုတ်ကုန်တန်ဖိုးမြှင့်ပြီး မလုပ်နိုင်တာတွေရှိတယ်။ မည်သို့ဆိုစေအခုလို MSME ပြပွဲတွေ ကျင်းပပေးတဲ့အတွက် MSME လုပ်ငန်းရှင်တွေ အနေနဲ့ကောင်းမွန်တဲ့ရလဒ်တွေ ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အဲဒီလို ကျင်းပပေးတဲ့အတွက်လည်း ထုတ်ကုန်တွေလာရောက်ပြသတဲ့ အနယ်နယ်အရပ်ရပ်က လုပ်ငန်းရှင်တွေဟာ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေကို အခြားပြည်နယ်နဲ့တိုင်းဒေသကြီး MSME ပြကွက်တွေမှာ လေ့လာခွင့်ရကြပါတယ်။ အဲဒီလိုပါပဲ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးက MSME လုပ်ငန်းရှင်တွေအနေနဲ့ ကျွန်တော်တို့ပြခန်းကို လာရောက်လေ့လာလို့ရတယ်။ အဲဒီတော့ တစ်ဦးနဲ့တစ်ဦး ဗဟုသုတတွေဖလှယ်ခွင့်ရတယ်။ ပြီးတော့ SME ရဲ့ အခက်အခဲ အတားအဆီးတွေမှာငွေကြေး၊ နည်းပညာနဲ့ ဈေးကွက်တွေဖြစ်တယ်။ ဒီပြပွဲမှာ အဲဒီသုံးခုစလုံးအဆင်ပြေသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေကြေးပိုင်းဆိုင်ရာမှာ SME Banking စနစ်တွေပါ လာတဲ့အခါဘဏ်တွေနဲ့တိုက်ရိုက် ချိတ်ဆက်ကာ အကောင့်တွေဖွင့်ပြီး ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ် သက်ပြီးဆွေးနွေးလို့ရတယ်။ အလားတူ နည်းပညာနဲ့ပတ်သက်လို့ ညှိနှိုင်းသင်ယူလို့ရမယ့်အခွင့်အလမ်းတွေရှိတယ်။ ဈေးကွက်အနေနဲ့လည်း အားလုံးပေါင်းစပ်ပြီး ဆောင်ရွက်ပေးတာတွေရှိတယ်။ ဒီဒေသမှာပဲ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကျွန်တော်တို့ပါလာ တဲ့ကုန်ပစ္စည်းတွေတောင် ကုန်သလောက်ဖြစ်တဲ့အတွက် ပြန်ပြီးတောင်မှာရမလိုဖြစ်နေတယ်။ ရောင်းအားအနေနဲ့ အခုချိန်ထိ ငွေကျပ်သိန်း ၇၀၀ နီးပါး ရောင်းချပြီးဖြစ်ပါတယ်။ အဲဒီတော့ MSME ပြပွဲမှာ ကျွန်တော်တို့ရောင်းရတာ အတော်အဆင်ပြေတယ်လို့ပြော ချင်ပါတယ်။

ဦးသန်းထွဋ်

ပဲခူးတိုင်းဒေသကြီး လက်မှုပညာပြခန်း

ကျွန်တော်တို့ တိုင်းဒေသကြီးမှာ ပန်းပုနဲ့ပတ်သက်လို့ အသင်းလေးသင်းရှိပါတယ်။ ယခု MSME ပြည်ထောင်စုအဆင့် ပြပွဲမှာတော့ ရွှေမြန်မာပန်းပုလုပ်ငန်းက လက်မှုပညာတွေကို ပြိုင်ပွဲဝင်ပြသခြင်းဖြစ်ပါတယ်။ ပစ္စည်းအမျိုးအမယ်ပေါင်း ၁၂၅ မျိုးပြသထားပါတယ်။ မြန်မာ့လက်မှုပညာ ပန်းဆယ်မျိုးဝင် ပန်းပုလုပ်ငန်းကို အခုလိုပြည်ထောင်စုအဆင့် MSMEပြပွဲမှာ လာရောက်ပြသခွင့်ရတဲ့အတွက် အထူးပဲဝမ်းသာကျေနပ်မိပါတယ်။ အခုလိုကျင်းပပေးတဲ့အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက လုပ်ငန်းရှင်တွေနဲ့ဆုံစည်း ခွင့်ရတဲ့အတွက်လည်း ကျေနပ်မိပါတယ်။ အခုဆိုရင်ဖြင့်ကျင်းပတာငါးရက်ရှိပါပြီ။ ကျွန်တော်တို့ ပန်းပုလက်ရာပစ္စည်းတွေ ရောင်းချမှုအနေနဲ့ သိန်း ၃၀၀ ကျော်ရောင်း ချပြီးဖြစ်ပါတယ်။ အဲဒီအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။

ဒေါ်မရမ်ယိမ်းနန်

မွန်ရိုးရာ အဝတ်အထည်ပြခန်း တာဝန်ခံ

ကျွန်မတို့ မွန်ရိုးရာအဝတ် အထည်ပြခန်းအနေနဲ့ MSME ပြပွဲကို လာရောက်ကြတဲ့တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် ပစ္စည်းအမျိုးအမယ်ပေါင်း ၁၀ မျိုးလာရောက်ရောင်းချပြသတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ မွန်ရိုးရာဝတ်စုံတွေကို အဖြူနဲ့အနီဆိုပြီး အများကသိရှိထားတယ်။ အခုဟာကတော့ မွန်ရိုးရာပွဲတက်ဝတ်စုံနဲ့ အလှူမင်္ဂလာပွဲတက်ဝတ်စုံတွေကို ဒီဇိုင်းကာလာမျိုးစုံနဲ့ ကျွန်မတို့စက်ရုံကထုတ်လုပ်တဲ့ အဝတ်အထည်တွေကို ထူးခြားမှုအနေနဲ့ ပြသထားပါတယ်။ ကျွန်မတို့အဝတ်အထည်တွေကို မွန်လူမျိုးများအပြင် မွန်ရိုးရာကိုချစ်မြတ်နိုးတဲ့ ပြည်သူတွေကလည်း ဝယ်ယူအားပေးကြပါတယ်။ တစ်ရက်ကိုငွေကျပ် ၁၀ သိန်းဖိုးလောက်တော့ ရောင်းချရပါတယ်။ အခုလို ပြပွဲပြိုင်ပွဲတွေကျင်းပပေးတာ ကျေးဇူးတင်ပါတယ်။ ရိုးရာဓလေ့၊ ရိုးရာထုတ်ကုန်တွေကို လာရောက်ပြသပြီး MSME လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခွင့်ရတဲ့အတွက် ကျေနပ်အားရမိပါတယ်။

ဦးမျိုးလွင်

ရှမ်းပြည်နယ် MSME ပြခန်းတာဝန်ခံ

အခုလို MSME ပြပွဲ၊ ပြိုင်ပွဲမှာ လာရောက်ပြသတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ပြည်နယ်ရဲ့ ထုတ်ကုန်တွေပြသဖို့နဲ့ လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ပြခန်းမှာတော့ အမျိုးအစားပေါင်း ၈၅ မျိုး ပြသရောင်းချပါတယ်။ ဒီမှာက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြောက်ပိုင်းနဲ့ တောင်ပိုင်းကလုပ်ငန်းရှင်တွေ ပါဝင်ပြသခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ပြခန်းမှာ ရိုးရာအသုံးအဆောင်၊ လူသုံးကုန်နဲ့ အဝတ်အထည်တွေစသဖြင့် မျိုးစုံပါပဲ။ လုပ်ငန်းရှင်တွေ ကိုယ်တိုင်လာရောက်ရောင်းချပေးတဲ့ အတွက်ဈေးနှုန်းသင့်တင့်ပြီး လာရောက်ဝယ်ယူသူတွေလည်း အများအပြားပါပဲ။ အားလုံးကို ပင်ရင်းဈေးအတိုင်းပဲ ရောင်းချတာပါ။ အခုချိန်ထိတော့ ရောင်းချငွေကျပ်သိန်း ၅၀၀ ရှိပါပြီ။ နောက်ထပ်လည်း နှစ်ရက်တိုးထားပါတယ်။ ကျွန်တော်တို့ပြခန်းကို လာရောက်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ အနယ်နယ် အရပ်ရပ်က MSME လုပ်ငန်းရှင်အများစု မျှော်လင့်နေတဲ့ အခုလို MSME ပြပွဲ၊ ပြိုင်ပွဲတွေ ကျင်းပပေးတာတာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။