နေပြည်တော် ဖေဖော်ဝါရီ ၁၄
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီး ဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ဖေဖော်ဝါရီ ၁၃ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာလူမှုကွန်ရက် စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Wai Mar Lwin” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဧရာတီ တိုင်းဒေသကြီး ဘိုကလေးမြို့နယ် အမှတ် (၁) ရပ်ကွက်နေ တိုးတိုးအေး၊ “Tint Naung Mg” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ အမှတ် (၄)ရပ်ကွက်နေ တင့်နောင်၊ “May Tha Zin Oo” Facebook အကောင့် ပိုင်ရှင်ဖြစ်သူ အမှတ် (၉) ရပ်ကွက်နေ မေသဇင်တို့သုံးဦးအား မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ဘိုကလေးမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်