Skip to main content

အာဟာရပြည့်ဝ၊ ဝင်ငွေရသည့်သီးနှံ ပဲမျိုးစုံ တိုးချဲ့စိုက်ပျိုး

ပဲသည် အာဟာရဓာတ်များစွာကြွယ်ဝပြီး ခန္ဓာကိုယ်ကြီးထွားစေသည့် အစားအစာအုပ်စုတွင် ပါဝင်ခြင်းကြောင့် လူတို့အတွက် အရေးပါသည့် သီးနှံဖြစ်သည်။ ကမ္ဘာတစ်ဝန်း ပဲမျိုးစုံ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်‌ရေးနှင့် ပဲမှရရှိသည့် ကောင်းကျိုးများကို သိရှိနိုင်ကြစေရန် ရည်ရွယ်၍ နှစ်စဉ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကို ကမ္ဘာ့ပဲမျိုးစုံနေ့အဖြစ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံက သတ်မှတ်ကြေညာခဲ့ရာ ၂၀၁၉ ခုနှစ်မှ စတင်၍ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကျင်းပလာခဲ့ကြသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲမျိုးစုံ အများဆုံးထုတ်လုပ်တင်ပို့သည့် နိုင်ငံတစ်ခုဖြစ်သည်။ နှစ်စဉ် စပါးစိုက်ဧက ၁၇ သန်းကျော်ရှိပြီး ပဲမျိုးစုံ စိုက်ဧက ၁၀ သန်းကျော်ရှိရာ မြန်မာနိုင်ငံအတွက် ပဲမျိုးစုံသည် စပါးပြီးလျှင် ဒုတိယအရေးကြီးသည့် သီးနှံဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးသီးနှံများမှာ စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့ဖြစ်ရာ တစ်နိုင်ငံလုံး လယ်ယာစိုက်ပျိုးသီးနှံများ ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့်မှာ ပဲအမျိုးမျိုးဖြစ်သည်။ စိုက်ပျိုး မြေဧရိယာအားဖြင့်ဆိုပါက စုစုပေါင်းစိုက်ဧက၏ ၂၀ ရာခိုင်နှုန်းမှာ ပဲမျိုးစုံစိုက်ပျိုးနေခြင်းဖြစ်သည်။ ယင်းအနက် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့မှာ အများဆုံးစိုက်ပျိုးသည့် ပဲမျိုးများဖြစ်ပြီး ပဲစိုက်ဧကစုစုပေါင်း၏ ၇၂ ရာခိုင်နှုန်းရှိသည်။ ကျန် ၂၈ ရာခိုင်နှုန်းမှာ ပဲပုပ်၊ မြေထောက်ပဲ၊ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲလွန်း၊ ပဲယင်း၊ စားတော်ပဲ၊ အခြားပဲများ စိုက်ပျိုးကြခြင်းဖြစ်သည်။

မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ပျိုးဧက ၁၄ ဒသမ ၉ သန်း ရှိပြီး စပါးအပြီး သီးထပ်စိုက်ပျိုးခြင်းမပြုသည့် မြေဧက ၇ သန်းကျော်ရှိသည်ဟုသိရသည်။ စိုက်ပျိုးမြေများကို အကျိုးရှိစွာအသုံးချနိုင်မှု နည်းပါးခြင်း၊ မြေတစ်ဧကချင်းအလိုက် အကျိုးရှိစွာ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ နိုင်ငံအတွင်း မြေ၊ ရေ၊ သယံဇာတနှင့် လူသားအရင်းအမြစ်များ ရှိပြီးဖြစ်သော်လည်း အကျိုးဖြစ်ထွန်းစေရန် စွမ်းအားရှိသမျှ အသုံးမပြုနိုင်ခြင်းကြောင့် နိုင်ငံ၏အဓိကကုန်ထုတ်လုပ်မှုဖြစ်သည့် လယ်ယာကဏ္ဍကြီး၏ ဂျီဒီပီပါဝင်မှုမှာ နည်းပါးနေရသည်။ အာဆီယံနိုင်ငံများ၏ ဂျီဒီပီနှင့် နှိုင်းယှဉ်ပါက ထိပ်ဆုံးသုံးနိုင်ငံ၏ ဂျီဒီပီသည် အမေရိကန် ဒေါ်လာဘီလီယံ ၅၀၀ ကျော်၊ ၄၀၀ ကျော် ရှိနေချိန်တွင် မိမိတို့နိုင်ငံ၏ ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၅၀ ကျော် ၆၀ နီးပါးဖြင့် အောက်ပိုင်း၌ ရောက်ရှိနေသည်။ အာဆီယံထိပ်ဆုံးပိုင်းနိုင်ငံတို့၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးပို့ကုန်ပမာဏများမှာ မိမိတို့နိုင်ငံထက် များစွာသာလွန်လျက်ရှိသည်။

နိုင်ငံ၏အဓိကစိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်နှင့်အညီ ထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ သီးထပ်စိုက်ပျိုးစွမ်းအား မြှင့်တင်ခြင်းတို့ကို လက်တွေ့အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက လယ်ယာကဏ္ဍဂျီဒီပီပါဝင်မှုအချိုး တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားမြင့်မားလာမည်ဖြစ်သည်။ သီးထပ်စွမ်းအားမြှင့်တင်ရာတွင် မြန်မာတောင်သူတို့နှင့်ရင်းနှီးပြီးဖြစ်သော ပဲမျိုးစုံကိုတိုးချဲ့စိုက်ပျိုးခြင်းက အလားအလာကောင်းများစွာ ဖြစ်ပေါ်စေနိုင်သည်။ မြန်မာနိုင်ငံ၏ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှာ ကမ္ဘာ့အဆင့် ၂ နှင့် ၃ တို့တွင် ရှိနေပြီး မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့မှာ ပြည်ပဈေးကွက်သို့ အများဆုံးတင်ပို့နေသည့် ပဲများဖြစ်ရာ သီးထပ်စိုက်ပျိုးခြင်းမပြုသည့် စိုက်ပျိုးမြေဧက ၇ သန်းကျော်တွင် ပဲများစိုက်ပျိုးထုတ်လုပ်မှုကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည်ဆိုပါက ဈေးကွက်သေချာသည့်အလျောက် ပို့ကုန်ပမာဏမြောက်မြားစွာ တိုးတက်လာမည်ဖြစ်သည်။

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်သည့်အလျောက် လယ်ယာထွက်ကုန် ဆန်နှင့် ပဲမျိုးစုံတို့ကို နိုင်ငံခြားသို့တင်ပို့မှုမှ ပြည်ပဝင်ငွေရှာဖွေရာတွင် ပြည်ပဝင်ငွေ၏ ၃၈ ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံတင်ပို့မှုမှ ရရှိခြင်းဖြစ်သည်ဟု သိရသည်။ နှစ်စဉ် ပဲမျိုးစုံရောင်းချမှုမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၀၀၀ ကျော် ၁၅၀၀ ခန့်ရရှိနေရာ တောင်သူတို့အတွက် ဝင်ငွေရသီးနှံ (Cash Crop) ဖြစ်သကဲ့သို့ စားသုံးသူပြည်သူများအတွက် အာဟာရပြည့်ဝသည့် သီးနှံပဲမျိုးစုံတို့ကို သီးထပ်စွမ်းအားမြှင့်တင်၍ တိုးချဲ့စိုက်ပျိုးကြရပါမည့်အကြောင်း။ ။