Skip to main content

မြေကြီးကရွှေသီးနိုင်ရေး လုံ့လဝီရိယစိုက်ထုတ်ကြဖို့လို

နိုင်ငံ၏ ဂျီဒီပီတိုးတက်မြင့်မားရေးနှင့် ပြည်တွင်းကုန်စျေးနှုန်းများ ထိုက်သင့်သလောက်ကျဆင်းစေရေးတို့အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို တိုးတက်စေကာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုမြင့်မားလာအောင် မြှင့်တင်ဆောင်ရွက်ပေးရန်လိုသည်။ လက်ရှိ မိမိတို့နိုင်ငံ၏ ဂျီဒီပီမှာ အာဆီယံနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများထက် နည်းပါးလျက်ရှိနေပြီး နိုင်ငံ၏အဓိကလုပ်ငန်းဖြစ်သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးတွင်ပင် အခြားနိုင်ငံများထက် ထုတ်လုပ်မှုစွမ်းရည်အားနည်းလျက်ရှိသည်ကို တိုးတက်အောင်ဆောင်ရွက်သွားရမည်ဖြစ်သည်။

ပစ္စုပ္ပန်ကာလ ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာ့နိုင်ငံရေး မတည်ငြိမ်မှုအခြေအနေများကြောင့် စားနပ်ရိက္ခာဖူလုံမှုနှင့်စပ်လျဉ်း၍ စိန်ခေါ်မှုများစွာ ဖြစ်ပေါ်လျက်ရှိသည်။ ကမ္ဘာ့နိုင်ငံများစွာတို့တွင် ပြည်တွင်းအစားအစာဖူလုံရေးကိုဦးတည်၍ မူဝါဒအမျိုးမျိုးချမှတ် ကျင့်သုံးနေကြရသည်။ ဤအခြေအနေသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ အောင်အောင်မြင်မြင်ပြုလုပ်နိုင်ရေးအတွက် မြေ၊ ရေ၊ လုပ်အားစသည့် အရင်းအမြစ်များ ပြည့်စုံသော မိမိတို့နိုင်ငံအဖို့ ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အစားအစာကုန်ချော ထုတ်လုပ်ရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် များစွာအထောက်အကူပြုမည်ဖြစ်သည်။ နိုင်ငံ့စီးပွားမြင့်မားလာခြင်းက ဆင်းရဲနွမ်းပါးမှုကို လျော့နည်းပပျောက်စေမည်လည်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် “တိုင်းပြည်သာယာဝပြောစေရေး မြေကြီးကရွှေသီး အောင်လုပ်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အလုပ်လုပ်မှ မြေကြီးကရွှေသီးမည်ဖြစ်သဖြင့် အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဆိုပါက ကုန်စျေးနှုန်းများလည်း ထိုက်သင့်သလောက် ကျဆင်းသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်မှသာလျှင် ပို့ကုန်ကဏ္ဍတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်းဖြစ်ထွန်းအောင်မြင်ပြီး ပြည်ပစျေးကွက်လိုအပ်ချက်ရှိသည့် ဆန်၊ ပြောင်း၊ ကော်ဖီ တို့ကို တိုးမြှင့်ထုတ်လုပ်နိုင်‌ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ဆန်နှင့်ဆန်ထွက် ပစ္စည်းကဏ္ဍသည် “အမျိုးသားပို့ကုန် မဟာဗျူဟာ၏ ဦးစားပေး ပို့ကုန်အမယ်ထဲတွင် ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက်ရှိရာ ဆန်စပါးတင်ပို့မှုမြှင့်တင်ရေး မဟာဗျူဟာသည် “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ဝင်ငွေတိုးပွားလာစေရေးအတွက် အရည်အသွေးမြင့်မားပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ဆန်စပါးထုတ်လုပ်ရေးနှင့် တင်ပို့ရေး” တို့ကို မျှော်မှန်းခြင်းဖြစ်သည်။ ဆန်စပါးသည် နိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီပြီး ပြည်ပစျေးကွက်သို့ ပိုမိုတင်ပို့နိုင်ရန် အလားအလာရှိသည့် ပို့ကုန်လည်းဖြစ်ရာ ဆန်စပါးကဏ္ဍကို မြှင့်တင်နိုင်မည်ဆိုပါက အချိန်တိုအတွင်းမှာပင် ရလဒ်ကောင်းများ ရရှိနိုင်မည်လည်းဖြစ်သည်။ မိမိတို့နိုင်ငံတွင် အများအပြားစိုက်ပျိုးဖြစ်ထွန်းသည့် ပြောင်းနှင့် ကော်ဖီတို့မှာလည်း ကမ္ဘာ့စျေးကွက်တွင် လိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိရာ အရည်အသွေးအရရော အရေအတွက်အရပါ မြှင့်တင် ဆောင်ရွက်နိုင်ပါက ပြည်ပစျေးကွက်တွင် နေရာရလာမည့် သီးနှံများဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများ အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းထုတ်လုပ်နိုင်ရန်အတွက် အဓိကလိုအပ်ချက်များဖြစ်သော “မျိုး၊ မြေ၊ ရေ၊ နည်း” တို့ကို နိုင်ငံတော်အစိုးရက ဖြည့်ဆည်းပေးလျက်ရှိသကဲ့သို့ စိုက်ပျိုးတောင်သူတို့ကလည်း အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန်လိုသည်။ စိုက်ပျိုးသီးနှံများ ထွက်နှုန်းမြင့်မားခြင်းသည် အဓိကအားဖြင့် လုံ့လဝီရိယ၏ အသီးအပွင့်များပင်ဖြစ်ရာ အမှန်တကယ်အလုပ်လုပ်ကြမှသာ မြေကြီးကရွှေသီးနိုင်ပါမည့်အကြောင်း။          ။