နေပြည်တော် ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ နေအိမ်များအား ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်လုံခြုံရေးတာဝန်ရှိသူတစ်ဦးနှင့် ဒေသခံပြည်သူများ၏ ပြောကြားချက်အရ အနန်းကွင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်မှာ မှန်ကန်မှုမရှိကြောင်းနှင့် အကြမ်းဖက်သမားများကသာ ကျေးရွာများအတွင်း ဝင်ရောက်၍ အတင်းအဓမ္မလူသစ်စုဆောင်း ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများအား ရှော့တိုက်ဒုံးများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သမားများသည် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို အဓမ္မယူဆောင်နေသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည်ကို တရားမဝင်ပြည်ဖျက် မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်