နေပြည်တော် ဖေဖော်ဝါရီ ၁၀
တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအား အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များက လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာ သင်တန်းဖွင့်ပွဲများကို နေပြည်တော်ကောင်စီနယ်မြေတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင်လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင်လည်းကောင်း နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ၊ သင်တန်းတာဝန်ခံအရာရှိများ၊ သင်တန်း ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းမှူးများနှင့် တာဝန်ရှိသူက အဖွင့်အမှာစကားများ ပြောကြားကြသည်။
ထို့နောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ကျောင်းသား ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အားကစားပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယခုဖွင့်လှစ်သော သင်တန်းများအနေဖြင့် ပထမနှစ်အခြေခံ စစ်ပညာသင်တန်း၊ ဒုတိယနှစ် အခြေခံစစ်ပညာသင်တန်း၊ ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်းနှင့် ဒုတိယနှစ်တန်းမြင့်စစ်ပညာ သင်တန်းတို့ဖြစ်ပြီး သာမန်သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန်အလိုက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်