နေပြည်တော် ဖေဖော်ဝါရီ ၁၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဆေးပေးခန်းနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်သည့်နေရာများအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးပေးခန်းတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်း ပြုလုပ်ထားရှိမှု၊ X Scan စက်နှင့် ကုသရေးအထောက်အကူပြု စက်ပစ္စည်းထားရှိမှု၊ ဆေးဝါးသိုလှောင်ထားရှိမှု၊ အားကစားသမားများကို နေ့စဉ်အားဆေးတိုက်ကျွေးမှု၊ အားကစားသမားများ လေ့ကျင့်ရာတွင် မတော်တဆထိခိုက်ဒဏ်ရာရရှိလာပါက အရေးပေါ်ကုသမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် ကုသရေးအထောက်အကူပြုပစ္စည်းများနှင့် ဆရာဝန်လုံလောက်မှု ရှိ/မရှိ အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရာက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲကာလနီးကပ်လာပြီဖြစ်၍ အားကစားသမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုဂရုစိုက်ဆောင်ရွက်ပေးသွားရန်၊ အာဟာရပြည့်ဝမည့် အစားအသောက်သုံးစွဲမှုလမ်းညွှန်ချက်ကို အားကစားအဖွဲ့ချုပ်များထံ အချိန်မီဖြန့်ဝေပေးသွားရန်၊ အားကစားသမားများအသုံးများသည့် ဆေးဝါးများလုံလောက်အောင် ဖြည့်တင်းဝယ်ယူသွားရန်နှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြသွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး ရေ/မီး အဆင်ပြေစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်