Skip to main content

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် အောက်တိုဘာ ၃

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

အားလုံးမင်္ဂလာပါ ချစ်ခင်လေးစားရပါသော ပြည်သူလူထုကြီးခင်ဗျာ၊

မိမိတို့နိုင်ငံမှာ ပါလီမန်ဒီမိုကရေစီစနစ် ရပ်ဆိုင်းသွားတာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ကပါ။ အဲဒီအချိန်မှာ ကျွန်တော့်အသက် ၁၄ နှစ်ပင် မပြည့်သေးပါ။ နှစ်ပေါင်း ၄၉ နှစ်အကြာ ၂၀၁၁၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ လွှတ်တော်တွေ အသစ်ပေါ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

နှစ်ပေါင်း ၄၉ နှစ်အတွင်း နိုင်ငံ့အရေးနှင့် ယှဉ်တွဲဖြစ်ပေါ်လာခဲ့တဲ့ ပါတီနိုင်ငံရေးမျိုးစုံကို ကြုံတွေ့ခဲ့ရတယ်။ တော်လှန်ရေးကောင်စီကာလ လူနဲ့ပတ်ဝန်းကျင်တို့ရဲ့ အညမည သဘောတရားဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တစ်ပါတီစနစ်ကို ကျင့်သုံးပြီး အာဏာသုံးရပ်ကို ရယူအုပ်ချုပ်ခဲ့တယ်။ သဘောတရားရေး ကောင်းလှတဲ့ လမ်းစဉ်ပါတီအစိုးရသည် ၁၉၈၈ လူထုအုံကြွမှုအရေးအခင်းမှာ အာဏာ လက်လွှတ် ခဲ့ရတယ်။ အကြောင်းရင်းမှာ စီးပွားရေး ကျဆင်းခြင်းကို ပြည်သူတွေ လက်မခံနိုင်တော့၍ ဖြစ်ပါတယ်။ သင်ခန်းစာ ယူစရာပါ။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရလို့ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း အစိုးရဖွဲ့ပြီး တိုင်းပြည်အုပ်ချုပ်နေပါတယ်။

ကံအားလျော်စွာ ကျွန်တော့်အနေနဲ့ ပါတီစုံဒီမိုကရေစီခေတ်ဦးမှာ အာဏာရပါတီ၊ အစိုးရအသီးသီးတို့ရဲ့ နိုင်ငံရေးသဘောတရား၊ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ပုံကို ကောင်းစွာသိရှိခဲ့ရပါတယ်။ တော်လှန်ရေးကောင်စီ၊ လမ်းစဉ် ပါတီ၊ နဝတ၊ နယက အစိုးရအသီးသီးတို့ အကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ အာဏာရှင် ဆိုတာ ခေတ်တိုင်းမှာ ရှိနေတတ်တာကို သတိပြုမိပါတယ်။ ပြည်သူများကတော့ အာဏာရှင်ဆိုရင် ဘယ်လိုအာဏာရှင်မျိုးကိုမှ မကြိုက်ပါ။ ဒါကြောင့် ဒီမိုကရေစီ စနစ် ခိုင်မာအားကောင်းရေးအတွက် အားလုံးက အစွမ်းကုန်ကြိုးပမ်းကြဖို့ လိုအပ်ပါတယ်။ ခေတ်အဆက်ဆက်က နမူနာ ယူစရာများ၊ သင်ခန်းစာယူစရာများကို ရရှိထားလို့ သတိနှင့်ယှဉ်ပြီး နိုင်ငံနှင့် ပြည်သူ့ဘဝ ပိုမိုတိုးတက် ကောင်းမွန်အောင် မိမိတို့ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

- ပြည်သူလူထုကြီးခင်ဗျာ

အထူးကော်မရှင်ဥက္ကဋ္ဌတာဝန်ယူပြီး ၃ နှစ်အကြာမှာ နိုင်ငံမှာ ဖြစ်ပေါ် ပြောင်းလဲနေတဲ့အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံရေးပါတီတစ်ရပ်ထူထောင်ပြီး နိုင်ငံနှင့် ပြည်သူများဘဝ တိုးတက်မြင့်မားရေး အတွက် လွတ်လပ်၊ တက်ကြွ၊ နိုးကြားစွာဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်တော့ မိမိအသက်အရွယ်နှင့် ဘဝအခြေအနေအရ စွန့်လွှတ်တယ် ဆိုတာထက် စွန့်စားတွက်ချက်ပြီး အားလုံးအတွက်၊ နိုင်ငံ့အတွက် ဆုံးဖြတ်ဆောင်ရွက် ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ကောင်းကျိုးဆောင်လို့ အမည်ရတဲ့ UBP ပါတီကို မှတ်ပုံတင်ခွင့်ရပြီး ၁ နှစ်ကျော်အကြာမှာ ပြည်သူများ၏ ယုံကြည်မှု၊ အားပေးမှု၊ ထောက်ခံမှု၊ ဝန်းရံမှုတို့ကြောင့် အစိုးရဖွဲ့စည်းနိုင်မယ့် ပါတီကြီး တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ မြို့နယ်ပေါင်း(၂၆၁) မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ် ပေါင်း ၉၂၇ ဦး ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

မိမိဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို သင်ခန်းစာဖော်ထုတ်တဲ့အခါ နိုင်ငံအတွင်း စည်းလုံးညီညွတ်မှု အားနည်းခြင်း၊ ကိုယ်ကျိုးစီးပွားနှင့် အဖွဲ့အစည်း၏ အကျိုးစီးပွားကို ရှေ့တန်း တင်လွန်းခြင်း၊ နိုင်ငံ့အကျိုးစီးပွားအတွက် ဖွဲ့စည်းထားကြတယ်ဆိုတဲ့ အဖွဲ့အစည်းတွေသည်ပင်လျှင် အချင်းချင်း ရန်သူလို၊ ရန်ဘက်လို သဘောထား၍ အပြုတ်တိုက်၊ အပြတ်ရှင်း လိုကြခြင်းများကြောင့် ပြည်သူများ ဒုက္ခကြီးငယ်ကျရောက်ပြီး နိုင်ငံလည်း နိမ့်ကျ၊ နောက်ကျ နေရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ကောင်းကျိုးဆောင်ပါတီသည် နိုင်ငံရေးသင်ခန်းစာရယူ၍ နိုင်ငံနှင့် နိုင်ငံသားအကျိုး စီးပွားအတွက်ဆိုလျှင် မည်သည့်ပါတီ၊ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်မည်။ ပါတီ အကျိုးစီးပွားနှင့် နိုင်ငံ့အကျိုးစီးပွားယှဉ်လာလျှင် နိုင်ငံ့အကျိုးစီးပွားကို ဦးစားပေး ဆောင်ရွက်မည်။ သူတစ်ပါးမကောင်းကြောင်းမပြောနဲ့ ကိုယ်ကောင်းအောင်နေ။ သူတစ်ပါးကို အပြစ်မပြောနဲ့။ ကိုယ်အပြစ်မဖြစ် အောင်နေ။ ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်စေနဲ့။ ဘာပဲလုပ်လုပ် ဥပဒေနှင့်အညီလုပ်။ အမျိုးသားအကျိုးစီးပွားအတွက်ဆိုရင် အသစ်လည်း တည်ဆောက်၊ အဟောင်းကိုလည်း မြှင့်တင်မည်ဟု သွေးစည်းညီညွတ်ရေး အတွက်၊ အမျိုးသားအကျိုးစီးပွားအတွက်၊ တရားဥပဒေစိုးမိုးရေးအတွက်၊ အခြေခံမူနဲ့ သဘောတရားများ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။

- ပြည်သူလူထုကြီးခင်ဗျာ

ကောင်းကျိုးဆောင်ပါတီသည် ရှေ့ကတာဝန်ယူသွားသည့် ပါတီနှင့် အစိုးရအဖွဲ့ တို့၏ တည်ဆောက်မှုများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ထားမှု များကို လက်ဆင့်ကမ်း သယ်ဆောင် သွားမှာ ဖြစ်ပါတယ်။

ကောင်းကျိုးဆောင်ပါတီသည် ပြည်သူများရလိုတဲ့ အဖွဲ့အစည်းမျိုး၊ အစိုးရ မျိုးဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်လို့ စေတနာကောင်း၊ အရည် အချင်းကောင်း၊ အတွေ့အကြုံကောင်းရှိသူများကို စုစည်းထားရှိပါတယ်။

ကောင်းကျိုးဆောင်ပါတီသည် ယနေ့ကာလ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ဖိအားများ၊ အကျပ်အတည်း၊ အခက်အခဲများကို စာနာနားလည်မှု အပြည့်ရှိပါတယ်။

အရေးထဲအရာပေါ် မြွေပူရာကင်းမှောင့်ဆိုသလို အထွေထွေအခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ ဖိအားပေးမှုတွေ ကြုံတွေ့နေရတဲ့နိုင်ငံနှင့် ပြည်သူတွေဟာ ကိုဗစ်-၁၉ကပ်ရောဂါရဲ့ နှိပ်စက်မှုကြောင့် အလုပ်အကိုင်များဆုံးရှုံး၊ စီးပွားရေး များစွာထိခိုက်၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးခံစားမှုတွေရှိပြီး ထမင်းနပ်မှန်အောင်စားရဖို့နဲ့ ဘဝရှင်သန်ရအောင် ကြိုးစား ရုန်းကန်ကြရပါတယ်။ အငယ်စား၊ အသေးစား၊ အလတ်စား အပါအဝင် လုပ်ငန်းရှင်များကလည်း လုပ်ငန်းတွေ အတော်များများ ရပ်ဆိုင်းရသလို လုပ်ငန်းတွေ လျှော့ချခဲ့ကြရပါတယ်။

တောင်သူလယ်သမားများကလည်း အကြွေးနွံနစ်နေ၍ အတော်ကြီး အဆင်မပြေကြပါ။ ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ပို့ဆောင်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြသူများ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ ဂီတသမားများ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၊ အနှေးယာဉ်လုပ်သားများ၊ တစ်နေ့လုပ် တစ်နေ့စား ပြည်သူများ၊ အခြေခံအလုပ်သမားများသည်လည်း ခက်ခဲစွာရပ်တည် ရုန်းကန်နေကြရပါတယ်။ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို မိမိရပ်ရွာမှာ အလုပ် အကိုင် အဆင်မပြေကြလို့ နိုင်ငံရပ်ခြားသွားရောက် အလုပ်လုပ်နေကြစဉ်မှာပဲ ကိုဗစ်ကြောင့် ကိုယ့်နိုင်ငံကို ပြန်လာကြရပါတယ်။ အလုပ်အကိုင် အဆင်မပြေမှုတွေ၊ စီးပွားရေးလုပ်ငန်းစုံ ယိုင်လဲမှုတွေကို ပြန်လည်ထူထောင်ဖို့ အရေး ကိစ္စက အင်မတန်ကြီးလေးပါတယ်။

- ပြည်သူလူထုကြီးခင်ဗျာ

ကောင်းကျိုးဆောင်ပါတီ(UBP)သည် ပြည်သူများအကြောင်းကို အမှန်အတိုင်း၊ အရှိပကတိအတိုင်း သိရှိရန်နှင့် ပြည်သူများ၏ လိုအပ်ချက်အခက်အခဲများကို သိမြင်ပြီး စားဝတ်နေရေး၊ လူမှုရေး အခြေအနေတွေ ယနေ့အခြေ အနေထက် ပိုပြီးကောင်းမွန်အောင် မှန်ကန်ထိရောက်သည့် လက်ငင်း၊ ရေတို၊ ရေရှည် အစီအမံများ ရေးဆွဲပြီး ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံကို တည်ဆောက်တဲ့နေရာမှာ ပြည်သူ့မျက်နှာနဲ့ တိုင်းပြည်မျက်နှာကြည့်ပြီး ပြည်သူ့အကျိုးစီးပွားနဲ့ တိုင်းပြည်အကျိုးစီးပွားကို ဦးစားပေးရမှာပါ။ မိမိတို့ ပါတီကတော့ “ပြည်သူက ပထမ၊ ပြည်သူက အဓိက ဖြစ်တယ်လို့ ခံယူထားတဲ့အတွက် တိုင်းရင်းသားများရဲ့ ဖက်ဒရယ်အခွင့်အရေးနဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးရရှိရေးကို ဦးစားပေးဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချထား ပါတယ်။

ကောင်းကျိုးဆောင်ပါတီ (UBP) သည် ပြည်သူများကတာဝန်ပေးအပ်လျှင် နိုင်ငံကို-

၁။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်မည်။

၂။ ပြည်သူတစ်ဦးချင်းစီနဲ့ နိုင်ငံ၏ စီးပွားရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည်။

၃။ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု စတဲ့ လူမှုရေးကဏ္ဍများကို စနစ်တကျဟန်ချက်ညီညီ တိုးတက်အောင် ဆောင်ရွက်မည်။

၄။ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်တို့ သဟဇာတဖြစ်အောင် ထိန်းသိမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်မည်။

၅။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေအရပ်ရပ်ကို ခေတ်ကာလနဲ့ လျော်ညီ သော ဥပဒေများဖြစ်လာစေရန် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ် ပြဋ္ဌာန်းခြင်းတို့ကို ပြုလုပ်သွားမည်။

၆။ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေး၊ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေး ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်။

၇။ ပြည်သူလူထု တွေ့ကြုံဆောင်ရွက်နေရသည့် လုပ်ငန်းကဏ္ဍတိုင်းတွင် လွယ်ကူချောမွေ့ အဆင်ပြေစွာ ဆောင်ရွက်သွားနိုင်ရန် မူဝါဒများနဲ့ စံပြုလုပ်ထုံးလုပ်နည်း(SOP)များ ဖြစ်ပေါ်ရေး၊ သတင်းအချက် အလက်နှင့် စာရင်းအင်းအချက်အလက်စနစ် ထိရောက် မှန်ကန်မြန်ဆန်စွာ အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။

- ပြည်သူလူထုကြီးခင်ဗျာ

ပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်စေရန် ကဏ္ဍ နယ်ပယ်အသီးသီးတွင် ဖြစ်ပေါ်နေသော -

၁။ မြေယာနှင့် ဆက်စပ်သက်ဆိုင်သည့် ကိစ္စရပ်များ၊

၂။ မဟာဗျူဟာဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ မြို့ပြနှင့် ကျေးလက်ကွာဟမှု လျော့နည်းစေရန် သောက်သုံး ရေ၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု ဘဝ တိုးတက်ကောင်းမွန်ရေး ကိစ္စရပ်များ၊

၃။ တောင်သူ လယ်သမားများအတွက် စိုက်စရိတ်ချေးငွေ နှုန်းထားနှင့် ပြန်ဆပ်ကာလကို တိုးမြှင့်ရေး ကိစ္စရပ်နှင့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ၏ ထိုက်တန်သည့် ဈေးနှုန်းနှင့် ဈေးကွက် အာမခံချက် ရရှိရေး ကိစ္စရပ် များ၊

၄။ အလုပ်သမားများ၊ အလုပ်ရှင်များ လုပ်ငန်းခွင်အဆင်ပြေ စေရေး၊ လုပ်ခလစာနှင့် ဝင်ငွေ တိုးမြှင့်ရေး ကိစ္စရပ်များ၊

၅။ ဝန်ထမ်းများ အဆင့်နှင့် လျော်ညီစွာ ဂုဏ်သိက္ခာရှိရှိ တာဝန် ထမ်းဆောင်နိုင်ရန် လစာနှင့်စရိတ် တိုးမြှင့်ခံစားရရှိရေး ကိစ္စရပ်များနှင့် အငြိမ်းစားဝန်ထမ်းများ၏ စားဝတ်နေရေး အဆင်ပြေစေရေး ဆိုင်ရာ ကိစ္စရပ်များ၊

၆။ အငယ်စား၊ အသေးစား၊ အလတ်စား၊ အကြီးစား စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီး ရရှိရေးနှင့် အားပေးမြှင့်တင်ရေးကိစ္စရပ်များ၊

၇။ အလုပ်လုပ်လိုသော အရွယ်ရောက်သူတိုင်း အလုပ်အကိုင်ရရှိရေးကိစ္စရပ်များကို ဆောလျင်စွာ ဖြေရှင်းဆောင်ရွက် သွားပါမယ်။

၈။ ထို့အတူ ပြည်သူလူထုကို “အချိန်ကုန်၊ ငွေကုန်၊ လူပန်း ဖြစ်နေရတဲ့ အခွန်အခဆိုင်ရာကိစ္စရပ်များ၊ လိုင်စင်ဆိုင်ရာကိစ္စရပ်များ၊ တင်ဒါ ဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်နှင့် မီတာခဆိုင်ရာ ကိစ္စရပ်များ၊ မြို့ဝင် ကြေးဆိုင်ရာ ကိစ္စရပ်များ၊ စည်ပင်ဆိုင်ရာ ကိစ္စရပ်များ၊ မှတ်ပုံတင် ရရှိရေးကိစ္စများကို ဆောလျင်စွာ ဖြေရှင်းဆောင်ရွက်သွားပါမယ်။

၉။ အထူးအစီအမံတစ်ရပ်အနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်ဆုံးရှုံး ခဲ့သော ကျန်းမာရေး၊ ပညာရေးတို့အပြင် လက်ရှိအလုပ်အကိုင်နှင့် စီးပွားရေးလုပ်ငန်းများအား လက်ရှိအခြေအနေနှင့် ကိုက်ညီသော လူမှုစီးပွားရေးပုံစံသစ်တွင် ပြည်သူများ ဘဝရှင်သန်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားပါမယ်။ ကောင်းကျိုးဆောင်ပါတီသည် လုပ်ဆောင်မှုမှန်သမျှကို ဥပဒေနှင့်အညီ တရားနည်းလမ်း တကျ၊ မှန်ကန်မျှတစွာ ဆုံးဖြတ်လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်။

- ပြည်သူလူထုကြီးခင်ဗျာ

ဒီမိုကရေစီဆိုတာ ပြည်သူက အစိုးရတစ်ရပ်ကို ရွေးချယ်တင်မြှောက်ရုံဖြင့် မလုံလောက်သေးဘဲ အစိုးရက ပြည်သူများ၏ ဘဝအဆင့်အတန်း တိုးတက် မြင့်မားရေးနဲ့ လူမှုဘဝလုံခြုံအောင် ဆောင်ရွက်ပေးနိုင်မှ ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးသဘောတရား ပြည့်စုံပါတယ်။ တစ်နည်းအားဖြင့် ဒီမိုကရေစီစနစ်မှာ ပြည်သူ့တာဝန်၊ အစိုးရတာဝန်ဆိုတာ ရှိပါတယ်။ တာဝန်ကျေတဲ့ အစိုးရ တစ်ရပ် ဖြစ်မှ ပြည်သူနဲ့ တိုင်းပြည်အတွက် အကျိုးရှိမှာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူများ အတွက် ပိုကောင်းအောင် ပြောင်းပေးနိုင်တဲ့ အစိုးရတစ်ရပ် ရွေးချယ်ပေးရန် လိုအပ် နေပါပြီ။

သို့ဖြစ်ပါ၍ ပြည်သူများကလည်း “ပိုပြီးကောင်းအောင်ပြောင်းပေးနိုင်တဲ့၊ အပြောနှင့် အလုပ်ညီညွတ်တဲ့ ကောင်းကျိုးဆောင်ပါတီ UBP”ကို “အရွေးမှန်လို့ အမှန်ရွေးပြီး ပြောင်းလဲထောက်ခံမဲပေးကြပါ။ ကောင်းကျိုးဆောင် ပါတီ (UBP) ကလည်း အပြောနှင့်အလုပ် ညီညွတ်ပါမယ်။ ပြည်သူများအတွက် တာဝန်ကျေပွန်ပါမယ်လို့ ရဲရဲဝံ့ဝံ့ကတိပြု ပါတယ်။

ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါ တယ်။

 ပြည်ထောင်စုကောင်းကျိုးဆောင်ကြစို့

ရေး - အောင်နိုင်စန်း

ဆို - ရွှန်းလဲ့အောင် (ယဉ်ကျေးမှုတက္ကသိုလ်)

ပြည်ထောင်စုရဲ့ ကောင်းကျိုးဆောင် တာဝန်ထမ်းစို့မောင်

ကျန်းမာ၊ လန်းဖြာသော လူ့ဘောင် ပညာတိုးတက်အောင်

ဘဝအဆင့်အတန်းမြင့်မားကြအောင် ဦးတည်အမြဲရွက်ဆောင်

ကြီးပွားတိုးတက်စေဖို့ တိုင်းပြည်ကောင်းကျိုးဆောင်

မျိုးဆက်သစ်တို့ တိုးတက်အောင် စုပေါင်းခွန်အားနဲ့ဆောင်

ဒီမိုကရေစီနိုင်ငံတော် ဖက်ဒရယ်စနစ်နဲ့နော်

သစ္စာအဓိဋ္ဌာန်လေးနက်စွာ တို့ကြိုးစားကြမှာ

မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ တို့ဖွဲ့စည်းခဲ့တာ

တို့တိုင်းပြည်၊ တို့အကျိုး အစဉ်မျှော်ကိုးလို့ ဆောင်ရွက်မည်

ကဏ္ဍစုံတိုးတက်ရေးမှာ စေတနာကောင်းနဲ့ အစဉ်ရပ်တည်

မြို့တိုင်းနဲ့ရွာတိုင်းမှာကွယ် တရားဥပဒေအုပ်စိုး

လုပ်ငန်းနှင့်အခွင့်အလမ်းသာတယ် စည်ပင်ကာဖွံ့ဖြိုး

လူမှုစီးပွားဘဝလုံခြုံအောင် အခွင့်အလမ်းမျှတခြင်းကိုဖော်ဆောင်

လူမှုစီးပွားဘဝလုံခြုံအောင် အခွင့်အလမ်း မျှတခြင်းကိုဖော်ဆောင်

အခွင့်အလမ်း မျှတခြင်းကိုဖော်ဆောင်

အများအကျိုးကို ထမ်းဆောင်စို့မနှေး ... ။