နေပြည်တော် ဖေဖော်ဝါရီ ၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၃ လမ်း၊ ၁၄၂ × ၁၄၃ လမ်းကြားတွင် မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် ရောက်ရှိလာသူ ဇော်မင်းနိုင်နှင့် ဇင်ကိုကိုလွင်တို့ ၂ ဦးအား LIGHT TRUCK ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီး၊ ဘိန်းဖြူ ၁၁ ကီလိုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဘိန်းဖြူများ အရောင်းအဝယ်ပြုလုပ်ရာတွင် ၁ဝ % အကျိုးဆောင်ခဖြင့် ပွဲစားပြုလုပ်ပေးသူ မကျော့ကေခိုင်(ခ)နန်းမွေလျန်းအား ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်းနှင့် ၁၁၅ လမ်းထောင့်တွင်လည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်သည့် အိုက်စိုင်းအား ၇၂(A)လမ်း၊ ၁၁၇ x ၁၁၈ လမ်းကြားတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားနှင့်လည်းကောင်း၊ ခွန်မြတ်(ခ)နောနော်နှင့် စိုင်းသိန်းမြတ်(ခ)စိုင်းလေးတို့အား ၁၅၁ လမ်း၊ ၇၁ (A) လမ်းထောင့်တွင် PRADO မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း အသီးသီးဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့၏ဖော်ထုတ်ချက်အရ ဘိန်းဖြူများရောင်းချခိုင်းသူ စိုင်းအိုက်ယုံအား ၁၁၂(B)၊ ၅၀ x ၅၁ လမ်းကြားရှိ နေအိမ်၌ ဘိန်းဆီခဲ ၂၅ ဂရမ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ၆၁ လမ်း၊ ၁၂၄ x ၁၂၅ လမ်းကြားရှိ ဂိုဒေါင်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ဒသမ ၉၄ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းနေ အိုက်ပေါင်း၏ အစီအမံဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်း၊ ၁၂၄ x ၁၂၅ လမ်းကြားရှိဂိုဒေါင်ကို ငှားရမ်း၍ ကိုအောင်အား မူးယစ်ဆေးဝါးများ ထိန်းသိမ်းထားစေကြောင်း၊ စိုင်းမွန်း(ခ)စိုင်းမွန်လောဝ်နှင့် စိုင်းအိုက်ယုံတို့မှ မကျော့ကေခိုင်(ခ)နန်းမွေလျန်းအား ပွဲစားခ ၁၀ % ပေး၍ မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အိုက်စိုင်း၊ ခွန်မြတ်(ခ)နောနော်နှင့် စိုင်းသိန်းမြတ်(ခ)စိုင်းလေးတို့သည် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ခြင်းနှင့် ရောင်းရငွေများအား အဆင့်ဆင့် လွှဲပြောင်းလက်ခံယူသူများဖြစ်ကြောင်း သိရှိရပြီး စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ဒသမ ၉၄၂ သိန်းနှင့် ဘိန်းဆီခဲ ၂၅ ဂရမ်တို့ကို မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ် ၃ စီး၊ ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့ဝင်များအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။