Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီး အင်းဝမြို့ဟောင်းရှိ လောကသရဖူဘုရားကြီးနှင့် မောင်အိုအုတ်လမ်း ထိန်းသိမ်းထားရှိမှု သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မန္တလေးတိုင်းဒေသကြီး အင်းဝမြို့ဟောင်းရှိ လောကသရဖူဘုရားကြီးနှင့် မောင်အိုအုတ်လမ်း ထိန်းသိမ်းထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် လောကသရဖူဘုရားကြီးသို့ ရောက်ရှိကြပြီး အုတ်ပြာသာဒ်တော်အတွင်းရှိ လောကသရဖူ ရုပ်ပွားတော်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ထို့နောက် ဘုရားကြီးအတွင်းအပြင်နှင့် လောကသရဖူ ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်ရာ အုတ်ပြာသာဒ်၏ အနောက်ဘက်ကပ်လျက်တွင် တည်ထားပူဇော်သည့် မဟာလောကသင်းကျစ် စေတီတော်ကြီးတို့အား လက်ယာရစ်လှည့်လည်ပူဇော်ပြီး ပရိဝုဏ်တော်အတွင်းရှိ သာသနိကအဆောက်အအုံများ ထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လောကသရဖူဘုရားကြီးနှင့် မဟာလောကသင်းကျစ်စေတီတော်ကြီးတို့၏ သမိုင်းအကျဉ်းနှင့် ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံထိန်းသိမ်းထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

လိုအပ်သည်များ မှာကြား

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘုရားကြီး၏ အတွင်းဘက်နံရံများပေါ်ရှိ မှန်စီရွှေချများသည် ခေတ်ကာလကြာမြင့်ပြီဖြစ်ပြီး ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် မူလလက်ရာမပျက် ပြန်လည်မွမ်းမံသွားရန်လိုကြောင်း၊ ဘုရားကြီးရင်ပြင်တော် မျက်နှာပြင်ညီညာမှုရှိစေရေးနှင့် ရေဝင်ရေထွက်ကောင်းမွန်ကာ ရေရှည်တည်တံ့ခိုင်မြဲစေရေး စနစ်တကျ ပြန်လည်သုတေသနပြု၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးဟောင်းသာသနိကအဆောက်အအုံများကိုလည်း စနစ်တကျဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ဘုရားကြီးပတ်လည်ရှိ ဆွမ်းလောင်းစောင်းတန်းများကိုလည်း မူလလက်ရာမပျက် ပြန်လည်ပြုပြင်ခြင်း၊ မွမ်းမံခြင်းများ ဆောင်ရွက်သွားရန်လိုပြီး ရှေးဟောင်းလက်ရာနှင့် ရှေးဟောင်းယဉ်ကျေးမှုအမူအကျင့်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဘုရားကြီးနှင့် သာသနိကအဆောက်အအုံများအား နေ့ညမပျက် ဆီမီးပူဇော် နိုင်ရေးအတွက်လည်း ဆိုလာလျှပ်စစ်မီးဆက်ကပ်ပူဇော်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ပေးအပ်လှူဒါန်း

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘုရားကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘုရားကြီးအတွက် ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

တည်ထားကိုးကွယ်

အဆိုပါ လောကသရဖူဘုရားကြီးအား ဒုတိယအင်းဝခေတ် ညောင်ရမ်းမင်းဆက် ၉ ဆက်မြောက်ဖြစ်သော ဆင်ဖြူရှင် တနင်္ဂနွေမင်းကြီးက အေဒီ ၁၇၃၀၊ သက္ကရာဇ် ၁၀၉၂ ခုနှစ်တွင် စတင်တည်ထားပြီး မပြီးစီးမီ နတ်စွာစံခဲ့သဖြင့် သားတော် မဟာဓမ္မရာဇာဓိပတိ ကြာသပတေးမင်း ဟံသာဝတီရောက်မင်းက အေဒီ ၁၇၃၃၊ သက္ကရာဇ် ၁၀၉၅ ခုနှစ်တွင် ဆက်လက်ထုလုပ်ခဲ့ကာ အုတ်ပြာသာဒ်ဖြင့် တည်ထားကိုးကွယ်ခဲ့ကြောင်း၊ လောကသရဖူရုပ်ပွားတော်ကြီးသည် တစ်တုံးတည်းသော စကျင်ကျောက်သားကြီးကို မြေအောက်တစ်ဝက်၊ မြေပေါ်တစ်ဝက် စိုက်ထူထုဆစ်ပူဇော်ခဲ့ခြင်းဖြစ်ပြီး ဉာဏ်တော်အမြင့်မှာ ၁၈ တောင် ၁ မိုက်၊ တင်ပျဉ်ခွေတော် အကျယ် ၁၂ တောင် ၁ မိုက်ဖြစ်ပြီး အလေးချိန်အားဖြင့် ၄၉၀ ဒသမ ၃၆ တန်ဖြစ်ကြောင်း၊ လောကသရဖူရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်ရာ အုတ်ပြာသာဒ်၏ အနောက်ဘက်ကပ်လျက်တွင် မဟာလောကသင်းကျစ်ဟူ၍ စေတီတော်တစ်ဆူကို တည်ထားကိုးကွယ်ခဲ့ကြောင်း၊ သက္ကရာဇ် ၁၁၄၀ ပြည့်နှစ်တွင် ကုန်းဘောင်မင်းဆက်ဖြစ်သော စဉ့်ကူးမင်းက စေတီတော်ကိုငုံ၍ ထပ်မံတည်ဆောက်ပူဇော်ခဲ့ပြီး ဘိုးတော်ဘုရား၏သားတော် ပခန်းမင်းသား ဟံသာဝတီမင်းနှင့် ပုဂံမင်းတို့ကလည်း ပြုပြင်ခဲ့ကြကြောင်း၊ သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် ငလျင်ကြီးလှုပ်ခဲ့သဖြင့် မဟာလောကသင်းကျစ်စေတီတော်နှင့် လောကသရဖူရုပ်ပွားတော်ကြီးစံပယ်ရာ အုတ်ပြာသာဒ်တော်တို့ မြေခခဲ့ရပြီး မင်းတုန်းမင်းက ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သော်လည်း မပြီးမပြတ်နိုင်ခဲ့ကြောင်း၊ လက်ရှိအခြေအနေအတိုင်း ဖူးတွေ့ရသည်မှာ စစ်ကိုင်းတောင်ရိုး ဒီပါအေးမြချောင်ဆရာတော် ဦးနန္ဒာသီရီက သက္ကရာဇ် ၁၃၄၂ ခုနှစ်တွင် ပြန်လည်ပြုပြင်တည်ဆောက်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ခေတ်အဆက်ဆက် တာဝန်ရှိသူများက ဆက်လက်မွမ်းမံပြုပြင်ထိန်းသိမ်းခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းဝမြို့ဟောင်းရှိ မြို့ရိုးနှင့် ကျုံးတို့အား ကြည့်ရှုစစ်ဆေးပြီး မြို့နေရာနှင့် မြို့ရိုးတို့အား စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ရေးနှင့် ကျုံးအား ရှေးမူမပျက်မွမ်းမံ၍ ပြန်လည်ထိန်းသိမ်းရန် လိုအပ်မှုအခြေအနေများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားသည်။

ပြုပြင်ထိန်းသိမ်း

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တံတားဦး - အင်းဝလမ်းပိုင်းရှိ မဟာဇေယျပထ - မောင်အိုတံတားနှင့် အုတ်လမ်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တံတားအား ရှေးမူလလက်ရာအတိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းမွမ်းမံနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်မည်ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုး - အပြစ်များအား စနစ်တကျ သုတေသနပြုလုပ်၍ တင်ပြသွားရန်၊ မူလ အုတ်လမ်းအား သုတေသနပြုလုပ်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ပြီး လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်