Skip to main content

နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်​ပေါ်လျက်ရှိ​သော Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်းသို့ အထောက်အထားမဲ့ဝင်ရောက်လာသူများအား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်လျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၆

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောနယ်စပ်ဒေသများ၌ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသားအချို့အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များ အပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ကျယ်ပြန့်စွာ လုပ်ဆောင်လျက်ရှိသဖြင့် စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကို အလေးထား ဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အများစုသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်းတွေ့ရှိရပြီး နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့သည် တရားမဝင် ဝင်ရောက်လာသူများ ဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ တရားဥပဒေနှင့်အညီစစ်ဆေး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ကျူးလွန်စေရန် ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မလူကုန်ကူးခြင်းခံထားရသည့် တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက်စတန်နိုင်ငံသားတစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသားငါးဦး၊ အီသီယိုးပီးယားနိုင်ငံသားတစ်ဦး၊ ပါကစ္စတန်နိုင်ငံသားတစ်ဦး၊ မလေးရှားနိုင်ငံသားတစ်ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး စုစုပေါင်း ၆၁ ဦးတို့အား ဖော်ထုတ်ရရှိသဖြင့် လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေး တံတားနေရာ၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် ကွန်ပျူတာနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ ဘာသာပြန်လုပ်ငန်းများအား လစာငွေအများအပြားဖြင့် လုပ်ကိုင်ရမည်ဟု အွန်လိုင်းမှတစ်ဆင့် သွေးဆောင်စည်းရုံးခံရပြီး မက်လုံးပေးလိမ်လည်ခြင်းခံခဲ့ရကြောင်း၊ ထို့နောက် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့လည်းကောင်း၊ ၎င်းမှတစ်ဆင့် မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့သို့ကနဦးရောက်ရှိကြပြီး တရားမဝင်ကျားဖြန့် လုပ်ငန်းမှ ကိုယ်စားလှယ်များက ထိုင်း-မြန်မာ နယ်စပ်ရှိ သောင်ရင်းမြစ်အား တရားမဝင်ဖြတ်ကျော် ခေါ်ဆောင်ကာ မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်းရှိ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများတွင် ပါဝင်လုပ်ဆောင်ရန် အတင်းအဓမ္မစေခိုင်းခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ လုပ်ဆောင်နေသူများနှင့် ပါဝင်ပတ်သက်နေသူများကို အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ပြတ်ပြတ်သားသားအရေးယူခြင်းနှင့် လိုအပ်သည့် ကူညီဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိပြီး ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံအစိုးရများအပါအဝင် နိုင်ငံသူနိုင်ငံသားများအနေဖြင့်လည်း ၎င်းကိစ္စရပ်များနှင့်ပတ်သက်သည့် သတင်းအချက် အလက်များရရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့ခြင်းဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ ပူးပေါင်းတိုက်ဖျက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် သတင်းရရှိသည်။

သတင်းစဉ်