Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၆

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အဝင်မုခ်ဦး၊ Photo Booth ၊ Interview Booth ၊ ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet) နေရာများ၊ ၁၉၅၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့ကြသူများ၏ မှတ်တမ်းဓာတ်ပုံများနှင့် ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားအမည်များ ပြသထားရှိမှု၊ အခမ်းအနားကျင်းပမည့် ကျောက်စိမ်းခန်းမ၌ အကယ်ဒမီဆုပေးပွဲစင်မြင့် ပြင်ဆင်ထားရှိမှု၊ အသံစနစ်နှင့် မီးစနစ်များ တပ်ဆင်ပြီးစီးမှု ၊ Stage LED Screen နှင့် LED ဘုတ်များ တပ်ဆင်မည့်နေရာများ၊ နေရာထိုင်ခင်းများနှင့် မီဒီယာဇုန်သတ်မှတ်ထားသည့်နေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် အနုပညာရှင်များကို အလေးထား တန်ဖိုးထားသည့်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို နိုင်ငံတော် အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊ အသံပိုင်းနှင့် မီးပိုင်းဆိုင်ရာကိစ္စရပ်များ လစ်ဟာမှုမရှိအောင် ကြိုတင်ပြင်ဆင်ထားရှိ‌ရေးနှင့် အခမ်းအနားအစီအစဉ်များအလိုက် ကြိုတင် လေ့ကျင့်မှုများကို စနစ်တကျစီမံ ဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားသည်။   

သတင်းစဉ်