Skip to main content

ဒုစရိုက်လုပ်ငန်းများ မရှိစေရေးနှင့် မဖြစ်ပေါ်စေရေး တင်းတင်းကျပ်ကျပ် ပြတ်ပြတ်သားသားဆောင်ရွက်

မြန်မာ-ထိုင်း နယ်စပ်မြို့များဖြစ်သော တာချီလိတ်၊ မိုင်းတုံ၊ မြဝတီ၊ ဘုရားသုံးဆူမြို့များသို့ လျှပ်စစ်ဓာတ်အား၊ စက်သုံးဆီနှင့် အင်တာနက်ပေးပို့ရောင်းချနေမှုများကို ထိုင်းဘက်က ဖြတ်တောက်လိုက်ကြောင်း အွန်လိုင်းမီဒီယာများတွင် တွေ့ရှိရသည်။ အဆိုပါနယ်စပ်မြို့များမှာ အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် လောင်းကစားလုပ်ငန်းများ ရှိနေကြောင်း သတင်းများတွင် တွေ့ရှိရသော်လည်း ကာဆီနိုမြို့တော်ကြီးများသဖွယ် အကြီးအကျယ်လုပ်ကိုင်နေသည့် အဆိုပါနေရာများမှာ အစိုးရလက်လှမ်းမမီသည့် ဒေသများတွင် တည်ရှိနေသည်။

ကျားဖြန့်ဟု အများသိကြသော အွန်လိုင်းငွေလိမ်နှင့် လောင်းကစားဂိုဏ်းများမှာ အပေါ်ယံတွင် ကုမ္ပဏီများအဖြစ် အသွင်ယူထားကြပြီး လူမှောင်ခိုမှု၊ ငွေကြေးခဝါချမှုနှင့် အခြားရာဇဝတ်မှုများကိုပါ ကျူးလွန်ကြသည်ဟုလည်း အများကယုံကြည်ထားကြသည်။ အရှေ့တောင်အာရှနိုင်ငံအချို့တွင်ပါ လှည့်ပတ်လုပ်ကိုင်ခဲ့ကြသည့် ကျားဖြန့်ဂိုဏ်းများ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရောက်ရှိလာခြင်းနှင့် နိုင်ငံတကာမှ နည်းပညာကျွမ်းကျင်သူများကို မက်မောလောက်စရာ လုပ်ခငွေကြေးပမာဏဖြင့် သွေးဆောင်ခေါ်ယူ၍ လူကုန်ကူးခြင်း၊ ငွေကြေးလိမ်လည်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ပုံရိပ်ညှိုးနွမ်းကျဆင်းခဲ့ရပြီး တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံများ၏ အထင်အမြင်လွဲမှားခြင်းကို ခံခဲ့ရသည်။ မြန်မာနိုင်ငံအနေဖြင့်မူ အွန်လိုင်းငွေလိမ်ကျားဖြန့်ဂိုဏ်းများကို ထိထိရောက်ရောက်အရေးယူမှုများ ဆောင်ရွက်ခဲ့ပြီး ရာဇဝတ်ဂိုဏ်းသားများနှင့် လူကုန်ကူးခံရသူများ ထောင်ပေါင်းများစွာတို့ကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်အပ်နှံပေးခဲ့သည်။

ဖေဖော်ဝါရီ ၃ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်း၍ ၎င်းဒုစရိုက်မှုနှိမ်နင်းရေးကို တက်ကြွကျယ်ပြန့်စွာ ဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ သက်ဆိုင်ရာနယ်မြေများအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၊ အခြားဒုစရိုက်လုပ်ငန်းများမရှိစေရေးနှင့် မဖြစ်ပေါ်စေရေး ဖော်ထုတ်အရေးယူခြင်းများဖြင့် တင်းတင်းကျပ်ကျပ်ပြတ်ပြတ်သားသားဖြင့် ကိုင်တွယ်ဆောင်ရွက်သွားကြရန် မဖြစ်မနေလိုအပ်ကြောင်း၊ ၎င်းအမှုများအပြင် မူးယစ်ဆေးဝါးကိစ္စများနှင့် အခြားဒုစရိုက်မှုများ၌ ပါဝင်ဆောင်ရွက်နေသူများအပြင် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထားလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း” သတိပေးနှိုးဆော် တိုက်တွန်းပြောကြားခဲ့သည်။

အွန်လိုင်းငွေလိမ်လောင်းကစားရာဇဝတ်ဂိုဏ်းများမှာ လူအင်အား၊ ငွေကြေးအင်အားကြီးမားစွာ လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ၎င်းတို့၏ အကျိုးအမြတ်၊ ဝင်ငွေပမာဏကြီးမားသည့်အလျောက် သာမန်အားဖြင့် နှိမ်နင်းရန် ခက်ခဲနိုင်သည်။ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်နေကြသူများ ဖြစ်သည့်အလျောက် နိုင်ငံတကာပူးပေါင်း၍ အမြစ်ပြုတ်အောင် သုတ်သင်ရှင်းလင်းမှသာ ကျားဖြန့်ပပျောက်သွားနိုင်သည်။ လက်ရှိအခြေအနေမှာပင် ၎င်းတို့အား ဓာတ်အားဖြတ်၊ အင်တာနက်ဖြတ်၊ စက်သုံးဆီဖြတ်ခြင်းတို့ကို အခြားနည်းလမ်းများဖြင့် ပြန်လည်ကုစားပြီး နေရာပြောင်းရွှေ့အခြေချမှုများ ပြုလုပ်နေကြကြောင်းသတင်းများကို အွန်လိုင်းမီဒီယာများတွင် တွေ့နေရသည်။

မိမိတို့နိုင်ငံတွင် ပြည်တွင်းဒေသအများအပြား၌ အကြမ်းဖက်သမားများက မြို့ရွာလူနေဒေသများကို ထိပါးတိုက်ခိုက်မှုများ၊ တိုင်းရင်းသားအမည်ခံအကြမ်းဖက်သောင်းကျန်းသူများက နယ်မြေချဲ့ထွင်တိုက်ခိုက်မှုများကြောင့် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေပြန်လည်စိုးမိုးနိုင်ရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်နေရချိန်တွင် နယ်စပ်ဒေသများ၌ ကျားဖြန့်ဂိုဏ်းများ အခြေချလုပ်ကိုင်လာကြခြင်းက မြွေပူရာကင်းမှောင့်ဟူသော ဆိုရိုးသဖွယ် နောက်ထပ်ရှင်းလင်းဖယ်ရှားစရာဆူးငြောင့်ခလုတ်များ တိုးလာခြင်းပင်ဖြစ်သည်။ အဆိုပါအွန်လိုင်းရာဇဝတ်ဂိုဏ်းများမှာ နယ်စပ်ဒေသများတွင်သာမက ပြည်တွင်းရှိ မြို့ကြီးများ၌လည်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် သာဓကများရှိခဲ့ရာပြည်တွင်း၌လည်း ရှာဖွေဖော်ထုတ်နှိမ်နင်းသွားနိုင်ရန်လိုအပ်သည်။ နယ်မြေဒေသအလိုက် တာဝန်ရှိသူအသီးသီးတို့ကလည်း မိမိတို့နယ်မြေဒေသများအတွင်း ဒုစရိုက်မှုတို့ကင်းရှင်းစေရေး သတိနှင့် စောင့်ကြပ်ကြည့်ရှုရန်နှင့် ရှာဖွေဖော်ထုတ်နှိမ်နင်းနိုင်ရန်လိုအပ်ပြီး အဂတိတစ်ပါးပါးကြောင့် ၎င်းတို့နှင့် ပတ်သက်ယှက်နွှယ်သွားမိသည့်အဖြစ်သို့ ကျရောက်မသွားစေရန် သတိတရားကြီးစွာထား၍ မိမိတို့ထမ်းဆောင်ကြရမည့်တာဝန် ကျေပွန်ကြရပါမည့်အကြောင်း။ ။