Skip to main content

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  အောက်တိုဘာ ၂

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီ က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

စပါးဝယ်ယူမှု အခက်အခဲမဖြစ်စေရေး

အစည်းအဝေးတွင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ၂၀၂၀-၂၀၂၁ ခုနှစ် ထွက်စပါးများကို ဝယ်ယူခဲ့မှုအခြေအနေအား သုံးသပ်နိုင်ရေးနှင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် စပါးများကို အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းဖြင့် ဝယ်ယူသည့် အခါ ယခင်နှစ်ကကဲ့သို့ အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ဝယ်ယူမည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးရန်အတွက် ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် စပါး၊ ဆန်ဝယ်ယူကြီးကြပ်မှု လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများအနေဖြင့် စပါးဝယ်ယူနိုင်ရေးအတွက် ဝယ်ယူမည့် ဒေသ၊ ဝယ်ယူမည့်အစီအစဉ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေး ပေးစေလိုကြောင်း။

၂၀၁၉ ခုနှစ်အတွက် တင်ဒါစနစ်ဖြင့် အခြေခံဈေးနှုန်း အောက်ကျနေသည့် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အခြေခံရည်ညွှန်း ဈေးနှုန်းဖြင့် မိုးစပါးဝယ်ယူရေးဆောင်ရွက်ခဲ့ရာတွင် ဝယ်ယူပြီးနောက် ပြင်ပပေါက်ဈေးနှုန်းသည် အခြေခံဈေးနှုန်း အထက်တွင် ရှိသည်ကိုတွေ့ရှိရ၍ မိမိတို့၏ဆောင်ရွက်မှုသည် အတိုင်းအတာ တစ်ခုအထိ အောင်မြင်သည်ဟု သုံးသပ်မိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ထွက် စပါးများကို အခြေခံ ရည်ညွှန်းပါဈေးနှုန်းဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ငါးခုတွင် ဝယ်ယူရန်အတွက် ငွေကျပ် ဘီလီယံ ၂၀ အား နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ (Revolving Fund) မှ ထုတ်ယူ သုံးစွဲခွင့် ပြုနိုင်ရေး ဦးဆောင်အဖွဲ့သို့တင်ပြပြီး စီးပွားရေးရာ ကော်မတီသို့ ဆက်လက်တင်ပြပြီး ဖြစ်ပါ ကြောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် စပါးများကို ဝယ်ယူခဲ့မှုအပေါ် အားသာ ချက်၊ အားနည်း ချက်များကို သုံးသပ်နိုင်ရေးအတွက်လည်း ကောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ထွက် စပါးများကို အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းဖြင့် ဝယ်ယူသည့်အခါ ယခင်နှစ်များကဲ့သို့ အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ဝယ်ယူမည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ လည်းကောင်း အစည်းအဝေး တက်ရောက်လာကြသော လယ်ယာထုတ်ကုန်စီမံ ခန့်ခွဲ့ရေး အဖွဲ့ဝင်များ၊ စပါး၊ ဆန်ဝယ်ယူ ကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ အသင်းအဖွဲ့များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးအကြံပြု စေလို ကြောင်း ပြောကြားသည်။

ပြည်လည်ဆွေးနွေး

ယင်းနောက် တက်ရောက်လာကြသည့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ စပါး၊ ဆန် ဝယ်ယူ ကြီးကြပ်မှု လုပ်ငန်း အဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလီမိတက်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် ဆန်စပါး ကုန်သည်များအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက်တင်ပြကြရာ တင်ပြချက်များ အပေါ် အဖွဲ့ဥက္ကဋ္ဌက ပြည်လည်ဆွေးနွေးပြီး နိဂုံးချုပ် စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်