မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်လျှောက်လှမ်းနေသည့်နိုင်ငံဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးအတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် ဒေသနှင့်တိုင်းရင်းသားများအကျိုးကို တရားဥပဒေနှင့်အညီ ဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်ရန် လိုအပ်သည်။ နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ဒီမိုကရေစီအခင်းအကျင်းကို ဖော်ဆောင်ရမည်ဖြစ်သည်။
တပ်မတော်သည် နိုင်ငံတော်အတွက် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးလမ်းခင်းပေးခဲ့သလို ပါတီစုံဒီမိုကရေစီစနစ်ခိုင်မြဲစေရန် ရွေးကောက်ခံအစိုးရများနှင့် လက်တွဲဆောင်ရွက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မဲမသမာမှုပြုလုပ်သူများက မဲစာရင်းများကို ဖောင်းပွအောင်ပြုလုပ်ပြီး ၎င်းတို့နှင့်သက်ဆိုင်သည့် ရွေးကောက်ခံမဲဆန္ဒနယ် တစ်ခုတည်း၌သာမက နိုင်ငံတစ်ဝန်းလုံး တရားမဲ့အနိုင်ရရှိအောင် မဲမသမာမှုများပြုလုပ်ခဲ့သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထုလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေခြင်းဖြစ်သည့်အတွက် တရားမျှတပြီး လွတ်လပ်သည့် ရွေးကောက်ပွဲတစ်ရပ်ကိုမဖြစ်မနေ ကျင်းပပေးမည်ဖြစ်သည်။
ရွေးကောက်ပွဲကျင်းပရာတွင် နိုင်ငံရေးပါတီများပါဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့်နည်းဥပဒေများကို ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့သည်။ ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည့် ဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ ပြန်လည်မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ ၅၀ နှင့် ပါတီအသစ်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၁၈ ပါတီရှိသဖြင့် စုစုပေါင်းပါတီ ၆၈ ပါတီရှိသည်။ ဥပဒေ နှင့်အညီ ပြန်လည်မှတ်ပုံတင်လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀ အနေဖြင့် မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်သည်။ မှတ်ပုံတင်ခွင့်တင်ပြလာသည့် နိုင်ငံရေးပါတီ ၆၈ ပါတီအနက် ၅၅ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နှစ်ပါတီကို ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့် ပယ်ဖျက်ခဲ့သည့်အတွက် တည်ဆဲနိုင်ငံရေးပါတီ ၅၃ ပါတီရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှု ၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး တွေ့ဆုံချိန်တွင် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဆိုင်ရာကိစ္စရပ်များ၊ ယခင်ရွေးကောက်ပွဲများတွင် ဖြစ်ပေါ်ခဲ့သည့် လေလွင့်ဆုံးရှုံးသည့်မဲများမဖြစ်စေရေး၊ မဲများသူအနိုင်ရသည့်စနစ်အပြင် မြန်မာနိုင်ငံနှင့်သင့်လျော်ပြီး ရိုးရှင်းလွယ်ကူသည့် စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရေး ရွေးကောက်ပွဲဆိုင်ရာ ပေါင်းစပ်ကျင့်သုံးရေးကိစ္စရပ်များ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီဝင်အင်အား၊ ပါတီရုံးခန်းများ ဖွင့်လှစ်မှုအခြေအနေများ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့် ပြည်တွင်း ပြည်ပရွေးကောက်ပွဲစောင့်ကြည့်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးနိုင်ခဲ့ပြီး သဘောတူညီချက်များ ရရှိပြီးဖြစ်သည်။
ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဘက်ပေါင်းစုံတွင် စီမံဆောင်ရွက်လျက်ရှိသလို နိုင်ငံ့ခေါင်းဆောင်များ ပြည်ပခရီးစဉ်များ သွားရောက်ချိန်တွင်လည်းကောင်း၊ မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံတကာမှအကြီးအကဲများ၊ တာဝန်ရှိသူများ၊ သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ်အချိန်တွင်လည်းကောင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ နိုင်ငံတကာအနေဖြင့် ကျင်းပမည့်ရွေးကောက်ပွဲအပေါ် အပြည့်အဝထောက်ခံမှုများ ရရှိပြီးဖြစ်သည်။
အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ခိုင်လုံသည့် မဲစာရင်းများရရှိရေးသည် အရေးကြီးသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူခဲ့ပြီး ရရှိသောလူဦးရေစာရင်းသည် ရွေးကောက်ပွဲအတွက် အထောက်အကူပြုမည်ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာမဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှုမပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့်စပ်လျဉ်းသည့် ရှင်းလင်းပြသခြင်းများ၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ အထွေထွေရွေးကောက်ပွဲကျင်းပခြင်းသည် ပြည်သူအများစု၏အမြင်ကို ထင်ဟပ်ပေါ်လွင်စေသည့် အခင်းအကျင်းဖြစ်သလို နိုင်ငံတော်၏ နိုင်ငံ့အရေးကို နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်အရပ်ရပ်တို့တွင် ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူများက မှန်ကန်စွာရွေးချယ်ခြင်းဖြစ်သဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။