မြန်မာနိုင်ငံ၏သမိုင်းသည် နှစ်ပေါင်းထောင်ချီ၍ ရှည်ကြာပြီဖြစ်ပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားတို့ အတူတကွနေထိုင်ခဲ့ကြသည်မှာလည်း သမိုင်းနှင့်အမျှပင်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀ မှစတင်ကာ မြန်မာ့ပိုင်နက်တို့ကို နယ်ချဲ့တို့က တစ်ပိုင်းပြီးတစ်ပိုင်းသိမ်းယူသွားခဲ့ရာမှ မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက် ကျရောက်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် တောင်ပေါ်မြေပြန့်မကျန် တစ်နိုင်ငံလုံး လွတ်လပ်ရေးအတွက် တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်မှုကို ကမ္ဘာသိထင်ရှားထုတ်ဖော်ပြသခဲ့ရာ သမိုင်းဝင်ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့သည် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပြီး မိမိတို့နိုင်ငံ လွတ်လပ်ရေးရယူနိုင်ခဲ့သည်မှာ ၇၇ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုလိုနီဘဝကျရောက်ခဲ့ဖူးသည့် နိုင်ငံတိုင်း ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကြပြီး နယ်ချဲ့စနစ်၏ဆိုးမွေကို ဖယ်ရှားနိုင်သည့်နိုင်ငံတို့မှာ ဖွံ့ဖြိုးတိုးတက်သည့်အခြေအနေကို ရရှိကြသည်။ မိမိတို့နိုင်ငံတွင် နယ်ချဲ့စနစ်၏ ဆိုးမွေဖြစ်သော သွေးခွဲအုပ်ချုပ်ခဲ့မှု၏ အကျိုးဆက်ကို ယနေ့တိုင် မဖယ်ရှားနိုင်ခြင်းကြောင့် သဘောထားကွဲလွဲမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိသည်။ သို့ရာတွင် အပြုသဘောဆောင်သော အလင်းဘက်ခြမ်းတွင် “ငါတို့အားလုံး မြန်မာ’’ ဟူသော ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားပြည်သူအားလုံး၏ စိတ်နှလုံးတွင် ကိန်းဝပ်ရှင်သန်နေခြင်းက ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို အဓွန့်ရှည်တည်တံ့နေစေသည်။ သည့်ထက်မက ပြည်ထောင်စုစိတ်ဓာတ်သည် နိုင်ငံတစ်ဝန်းလုံးတွင် နေထိုင်ကြကုန်သော အရွယ်သုံးပါး ပြည်သူအားလုံးတွင် စွဲမြဲစွာရှင်သန်ထွန်းကားသည့်နေ့၊ နိုင်ငံသူနိုင်ငံသားအားလုံး တစ်စိတ်တည်းတစ်ဝမ်းတည်း စည်းလုံးညီညွတ်သည့် အနာဂတ်တစ်နေ့တွင် မိမိတို့နိုင်ငံလည်း ကမ္ဘာ့အလယ်၌ ခေါင်းမော့ဝင့်ကြွားနိုင်မည်မှာ ဧကန်မလွဲပင်ဖြစ်သည်။
လက်ရှိကာလတွင်မူ မိမိတို့နိုင်ငံမှာ တည်ငြိမ်အေးချမ်းရေးအတွက် ရုန်းကန်ကြိုးပမ်းနေရဆဲအချိန်ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မြို့၊ ရွာများကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကိုဖျက်ဆီးခြင်း၊ လုယက်ခြင်းများကြောင့် ပြည်တွင်းရှိ နယ်မြေဒေသအချို့တွင် တည်ငြိမ်အေးချမ်းမှုပျက်ပြားလျက်ရှိသကဲ့သို့ ယင်းအခြေအနေကို အခွင့်ကောင်းယူကာ “တောမီးလောင်၍ တောကြောင် လက်ခမောင်းခတ်” ဟူသည့်အတိုင်း တိုင်းရင်းသားလက်နက်ကိုင်အချို့ကလည်း နယ်မြေချဲ့ထွင်နိုင်အောင် ကြိုးပမ်းနေကြသည်။ လူမျိုးရေးအရလည်း မုန်းတီးအောင် ဝါဒဖြန့်ခြင်း၊ လှုံ့ဆော်ခြင်း၊ ခွဲခြားဆက်ဆံညှဉ်းပန်းနှိပ်စက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ပြည်ပြေး ပြည်ဖျက်မီဒီယာများကလည်း နိုင်ငံနှင့် ပြည်သူအကျိုးပျက်စီးစေရေးအတွက် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများနှင့် ပူးပေါင်းကာ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ဝါဒဖြန့်လျက်ရှိကြသည်။
ဒေသအတွင်း ဒေသခံအကြမ်းဖက်သမားများရှိနေသရွေ့ ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့်ဒဏ်ကို ဒေသခံပြည်သူတို့သာ ခံစားကြရမည်ဖြစ်သည်။ ဒေသအတွင်း လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုတို့ ကင်းစင်မှသာ ဒေသတည်ငြိမ်အေးချမ်းမှုရရှိပြီး ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ရာ မိမိတို့ဒေသများ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ စုပေါင်းအားဖြင့် ပူးပေါင်းပါဝင်ကြရန်လိုသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဟူသည့် နိုင်ငံရေးရည်မှန်းချက်(၂) ရပ်ကို အကောင်အထည်ဖော်လျက်ရှိရာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကိုလည်း မဖြစ်မနေကျင်းပပေးသွားမည်ဖြစ်သည်။
စည်းစနစ်ကျန၍ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်လာရေး၊ သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဖြစ်နိုင်သမျှ မကျန်ရှိစေရေးအတွက် လိုအပ်သော အခင်းအကျင်းမှာ နယ်မြေဒေသများအလိုက် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဖြစ်ရာ မြန်မာတိုင်းရင်းသားအားလုံးတို့၏ ပြည်ထောင်စုကြီး စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ အမြန်ဆုံးပြန်လည်ရောက်ရှိရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပါဝင်ဖော်ဆောင်ကြရပါမည့်အကြောင်း။ ။