နေပြည်တော် အောက်တိုဘာ ၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မသန်စွမ်းရေးရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ မသန်စွမ်းရေးရာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၉ ဖွဲ့မှ ကိုယ်စားလှယ်များ၊ International Institute for Democracy and Electoral Assistance (International IDEA) အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မသန်စွမ်းသူအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ ပါဝင်ခွင့်ရရှိစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မသန်စွမ်းသူအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၉(က) နှင့် ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း အပိုဒ် ၂၉ တို့တွင် မသန်စွမ်းသူများ၏ နိုင်ငံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ အခွင့် အရေးများကို တန်းတူရရှိရေးအတွက် ဆောင်ရွက်ထားသည်ကို သိရှိရပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်က ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေပုဒ်မ (၂၉) နှင့် ပုဒ်မ(၃၀) တို့တွင် မသန်စွမ်းသူတိုင်းသည် ရွေးကောက်ပွဲများ၌ ရွေးကောက်တင်မြှောက်ခွင့် နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရရှိရေးကို ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၄-၂၀၁၈) နှင့် (၂၀၁၉-၂၀၂၂) တို့တွင်လည်း အားလုံးပါဝင်ဆောင်ရွက်မှု မြှင့်တင်ခြင်း အခန်းကို ထည့်သွင်းရေးဆွဲခဲ့ပြီး မသန်စွမ်းသူများအားလုံး ဆန္ဒမဲပေးပိုင်ခွင့် ရရှိရေးအတွက် အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ငါးမြို့နယ်တွင် မသန်စွမ်း စံပြမဲရုံ ကိုးရုံ ဖွင့်လှစ်ပြီး မသန်စွမ်းမဲဆန္ဒရှင်များ အဆင်ပြေလွယ်ကူစွာဆန္ဒမဲပေးနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရွေးကောက်ပွဲများတွင် အမြင်အာရုံ မသန်စွမ်းသူများအတွက် မျက် မမြင်လက်စမ်းစာပေ (Braille Template) ဖြင့် ကိုယ်တိုင်ကိုယ်ကျဆန္ဒပြုမဲပေးနိုင်ရေး ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း နေပြည်တော် Grand Amara Hotel ၌ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများတွင် မသန်စွမ်းသူများ မဲပေးခြင်းဆိုင်ရာ သရုပ်ပြသင်ခန်းစာများနှင့် ဆင့်ပွားသင်တန်းများ ပို့ချ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မသန်စွမ်းမဲဆန္ဒရှင်ဦးရေ ၈၇၂၈၀ ရှိသည်ဟု သိရှိရ ပါကြောင်း။
စိတ်ချလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလနှင့် တိုက်ဆိုင်နေသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်၊ လမ်းညွှန်ချက်များနှင့် အညီ မသန်စွမ်းမဲဆန္ဒရှင်များအပါအဝင် မဲဆန္ဒရှင်ပြည်သူအားလုံး စိတ်ချလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ယနေ့ ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် မသန်စွမ်းသူများရေးရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အကြံပြု ဆွေးနွေး ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မသန်စွမ်းသူများရေးရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မိတ်ဆက်စကား ပြောကြားခဲ့ပြီး ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ သိရှိလိုသည့်မေးမြန်းချက်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်