Skip to main content

ခုတင် ၅၀၀ ပါဝင်သည့် အင်းယားလိတ် ကိုဗစ်စင်တာ Yangon Convention Center ၌ စတင် တည်ဆောက်

ရန်ကုန်  အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှု ဖြင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ခုတင် ၅၀၀ ပါဝင်သည့် အင်းယားလိတ် ကိုဗစ် စင်တာ ကို Yangon Convention Center (YCC) တွင် စတင်တည်ဆောက် လျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ကူးစက်လူနာ ၅၀၀ အထိလက်ခံကုသပေးမည့် အင်းယားလိတ် ကိုဗစ်စင်တာ တည်ဆောက်ရေးအတွက် ကမ္ဘောဇဘဏ်က ငွေကျပ် သိန်း ၇၀၀၀ ဦးဆောင် မတည်ထားပြီး ရွှေသံလွင်ကုမ္ပဏီ (Skynet) ကလည်း ငွေကျပ်သိန်း ၃၀၀၀ ထည့်ဝင်လှူဒါန်း ထားသည်။

ယင်း ကိုဗစ်-၁၉ ကုသရေးစင်တာကို ၁၀ ရက်အတွင်း ပြီးစီးနိုင်ရန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ ဖြင့် စနစ်တကျ စီမံချက်ရေးဆွဲကာ ဆောင်ရွက်လျက် ရှိပြီး လိုအပ်ပါက အဆောင် များတိုးချဲ့ကာ ခုတင်- ၁၀၀၀ အထိ ထားရှိသွားရန် လျာထားဆောင်ရွက်လျက် ရှိကြောင်း။ ယခု စင်တာတွင် အရေးပေါ်လူနာများကို ကုသပေးနိုင်ရန်အတွက် High-Dependency Unit: HDU ၁၆ ခုတင် တစ်ပါတည်း ထည့်သွင်းတည်ဆောက်လျက် ရှိကြောင်းသိရသည်။

စင်တာတွင် တက်ရောက်ကုသမည့် လူနာ ၅၀၀ အတွက် လိုအပ်မည့် အထူးဆေးဝါးများနှင့် အာဟာရပြည့်ဝစေရန် နံနက်၊ နေ့လယ်၊ ညစာများကို အခမဲ့စီစဉ်ဆောင်ရွက် ပေးထားမည် ဖြစ်ကြောင်း၊ ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်း ၄၀၀ အတွက်လည်း သီးသန့် အဆောက်အအုံများ တစ်ပါတည်း ပါဝင်မည်ဖြစ်ကာ ၂၄ နာရီ အခမဲ့ Food Court ထားရှိပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အမြန်ဆုံးထိန်းချုပ်နိုင်ရန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါအား အမြန်ဆုံး ထိန်းချုပ် သွားနိုင်ရန် စေတနာရှင် အလှူရှင်များနှင့် ပူးပေါင်းကာ နေ့စဉ်တိုးပွားလာသော ကိုဗစ်-၁၉ အတည်ပြုလူနာများအား ထားရှိကုသမှုပေးရန် နေရာသစ် ကန့်သတ်စောင့်ကြည့်ရေး စခန်းများ ဖော်ဆောင်ပေးလျက်ရှိသည်။

မြင့်မောင်