တပ်ကုန်း ဖေဖော်ဝါရီ ၃
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်အဖြစ် ဒယောက်ကူးကျေးရွာ “သစ္စာရောင်ခြည်” စာကြည့်တိုက်နှင့် ထုံးဖိုကျေးရွာ “မိတ်ဆွေကောင်း” စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက အဆိုပါစာကြည့်တိုက်များရှေ့၌ ကျင်းပသည်။
ဦးစွာ အောင်မြေရိပ်သာ ကျေးရွာအုပ်စု ဒယောက်ကူးကျေးရွာ “သစ္စာရောင်ခြည်” စာကြည့်တိုက်နှင့် ထုံးဖိုကျေးရွာအုပ်စု ထုံးဖိုကျေးရွာ “မိတ်ဆွေကောင်း” စာကြည့်တိုက်အဆောက်အအုံသစ်တို့ကို နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ရပ်မိရပ်ဖများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စာကြည့်တိုက်များအတွက် အလှူငွေများ၊ စာအုပ်စာစောင်များ၊ ပလတ်စတစ်ထိုင်ခုံများ၊ MRTV DTH စလောင်းနှင့် MRTV DVB- T2 Set Top Box တစ်စုံကိုလည်းကောင်း၊ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်ကောင်စီနှင့် အလှူရှင်များ၊ ရပ်မိရပ်ဖများက မတည်အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။
ထို့ပြင် စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စာကြည့်တိုက်တစ်တိုက်လျှင် နေပြည်တော်ကောင်စီမှ မတည်ရန်ပုံငွေကျပ်နှစ်သိန်းနှင့် ကျပ်နှစ်သိန်းတန်ဖိုးရှိ စာအုပ်စာစောင်များ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မိသားစုက ငွေကျပ်တစ်သိန်းကို သီးခြားလှူဒါန်းခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးတို့က ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် စာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ရန်ပုံငွေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စာကြည့်တိုက် စုစုပေါင်း ၅၈ တိုက် ဆောက်လုပ်ရန် လျာထားလျက်ရှိရာ ဆောက်လုပ်ပြီးစီးသည့် စာကြည့်တိုက် ၂၄ တိုက်အနက် ၂၀ ကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်ခဲ့သော ဒယောက်ကူးကျေးရွာ “သစ္စာရောင်ခြည်” စာကြည့်တိုက်နှင့် ထုံးဖိုကျေးရွာ “မိတ်ဆွေကောင်း” စာကြည့်တိုက် အဆောက်အအုံသစ်များကို (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ဆောက်လုပ်ရန် ကျန်ရှိသည့် စာကြည့်တိုက်များကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်