Skip to main content

နိုင်ငံတစ်ဝန်းအေးချမ်းသာယာရေး စည်းလုံးညီညွတ်မှုအားဖြင့် တည်ဆောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးဖြစ်သည်။ ရွေးကောက်ပွဲကျင်းပရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် ရွေးကောက်ပွဲဥပဒေများနှင့်အညီ ကျင်းပသွားမည်ဖြစ်ရာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာ ဖြစ်ပေါ်လာရေးအတွက် နိုင်ငံအတွင်း လုံလောက်သည့် တည်ငြိမ်အေးချမ်းမှု အခြေအနေတစ်ရပ်လိုအပ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး အာမခံထားပြီးဖြစ်သည်နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတစ်ရပ် ကျင်းပနိုင်ရန် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ၊ ရွေးကောက်ပွဲဆိုင်ရာ ထပ်ဆင့်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။

လက်ရှိဖြစ်ပေါ်နေသည့် ပြည်တွင်းအခြေအနေမှာ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံ၏ အကျိုးကိုမလိုလားသည့် နိုင်ငံများ၏ ထောက်ပံ့မှုများဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လျက်ရှိပြီး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီယဉ်ကျေးမှုကို မလိုလားသည့် လက်နက်ကိုင်အဖွဲ့အချို့ကလည်း ဥပဒေမဲ့လုပ်ရပ်များနှင့် နယ်မြေချဲ့ထွင်သည့် လုပ်ရပ်များကို တိုးမြှင့်လုပ်ဆောင်နေကြကြောင်း တွေ့ရှိနိုင်သည်။ မိမိတို့နိုင်ငံ၏ အတိတ်မှသည် မျက်မှောက်ကာလအထိ ဆယ်စုနှစ်များစွာ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန်၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို နိုင်ငံတကာ အသိသက်သေများရှေ့မှောက်တွင် ကမ္ဘာသိလက်မှတ်ရေးထိုးခဲ့ကြသည်။ တပ်မတော်က တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံတော်အစိုးရကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သော တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်ရန် ဖိတ်ခေါ်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ သို့ရာတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) အချို့သည် NCA ပါ ကတိကဝတ်များ တည်မြဲမှုမရှိဘဲ ချိုးဖောက်ခဲ့ကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများမှာ မည်သို့သော အကြောင်းတရားကို အခြေခံသည်ဖြစ်စေ ဒေသခံပြည်သူတို့၏ အသက်အိုးအိမ်နှင့် ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးကာ ဆင်းရဲဒုက္ခများစွာတို့ ဖြစ်ပေါ်စေသည်။ မိသားစုဘဝများစွာတို့ကိုလည်း ပျက်သုဉ်းစေသည်။ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ရာဒေသများတွင် ဥပဒေမဲ့ကျူးလွန်မှုများ၊ ရာဇဝတ်မှုမကင်းသည့် အနိုင်အထက်ပြုမှုများ၊ ခြိမ်းခြောက်အဓမ္မပြုကျင့်မှုများ၊ လက်နက်အားကိုးဖြင့် ပြည်သူကို အနိုင်ကျင့်မှုများ၊ ဖိစီးနှိပ်စက်မှုများ ဖြစ်ပေါ်နေသည့် သတင်းများမှာလည်း ဖုံးမရ ဖိမရ ပေါ်ထွက်လာလျက်ရှိသည်။ သောင်းကျန်းသူအချင်းချင်းကြားတွင်လည်း စားကျက်လု၊ စားခွက်လုစွပ်စွဲသတ်ပုတ်နေကြသည်ကို တွေ့မြင်ကြားသိနေကြရသည်။ သောင်းကျန်းသူများ၏ အကြမ်းဖက်တိုက်ပွဲဖော်ဆောင်မှုများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ၊ လူငယ်လူရွယ်တို့၏ အနာဂတ်များ၊ ကလေးငယ်များ၏ ပညာသင်ယူမှုများ ထိခိုက်နစ်နာဆုံးရှုံးလျက်ရှိရာ ဒေသများ တည်ငြိမ်အေးချမ်းရေးသည် ဒေသခံပြည်သူများ အလိုလားဆုံး ဆန္ဒပင်ဖြစ်နေသည်။

သို့ဖြစ်ရာ နိုင်ငံတော်တစ်ဝန်း အေးချမ်းသာယာမှသာ မိမိတို့နိုင်ငံရှေ့ဆက်လျှောက်လှမ်းရမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံ ပန်းတိုင်ဆီသို့ အနှောင့်အယှက်ကင်းကင်းဖြင့် လျှောက်လှမ်းနိုင်မည်ဖြစ်သည့်အလျောက် နိုင်ငံသူ နိုင်ငံသားအားလုံးစည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ဝိုင်းဝန်းတည်ဆောက်ကြရပါမည့်အကြောင်း။ ။