Skip to main content

နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် မြင့်မြတ်သောတာဝန်များ ထမ်းဆောင်

“မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေသည် ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၃ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ၎င်းတို့အနက် လူဦးရေအနည်းငယ်သာ တပ်မတော်သားဘဝကိုခံယူ၍ မွန်မြတ်လှသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြခြင်းဖြစ်သဖြင့် အများသူငါ လုပ်ဆောင်နိုင်ရန် ခက်ခဲသည့် တပ်မတော်သားဘဝကို ဂုဏ်ယူတန်ဖိုးထားကြရန်လိုကြောင်း၊ နိုင်ငံနှင့် ပြည်သူတို့အတွက် မြင့်မြတ်လှသည့်တာဝန်များကို ထမ်းဆောင်နေရသည့် မိမိတို့တပ်မတော်သားများ၏ဘဝကို ဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဇန်နဝါရီလ ၂၂ ရက်နေ့တွင် နေပြည်တော် တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း၌ ပြောကြားခဲ့သည်။

တပ်မတော်သားများသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် တပ်မတော်တွင် ဝင်ရောက်အမှုထမ်းကြသူများဖြစ်သည်။ တပ်မတော်သားအရာရှိ/ စစ်သည်များသည် ရှေ့တန်းစစ်မြေပြင်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ စွန့်စွန့်စားစားထမ်းဆောင်လျက်ရှိသကဲ့သို့ နောက်တန်းတွင်လည်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် မွန်မြတ်လှသည့်တာဝန်များကို စေတနာရှေ့ထားကာ ဆောင်ရွက်လျက်ရှိသည်။

မျက်မှောက်ကာလတွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားဆောင်ရွက်လျက်ရှိသည့်အပြင် သမိုင်းအစဉ်အလာမပျက် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း ထမ်းဆောင်လျက်ရှိသည်။ မကြာသေးမီရက်များတွင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်ရှိ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် တပ်မတော်ပင်လယ်တွင်းသွားဆေးရုံရေယာဉ် (သံလွင်) နှင့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့ဖြင့် ကုသစောင့်ရှောက်မှုပေးလျက်ရှိသည်။

အဆိုပါ တပ်မတော်ပင်လယ်တွင်းသွားဆေးရုံရေယာဉ်နှင့် မြစ်တွင်းသွားဆေးရုံရေယာဉ်တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးဆေးကုသရေးဆေးအဖွဲ့သည် ဒေသအသီးသီးရှိ ကျေးရွာများသို့ ရောက်ရှိကြရာ နယ်မြေခံတပ်များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကျေးရွာများမှ ဒေသခံပြည်သူများအား ဆေးကုသမှုဆောင်ရွက်ပေးရာတွင် သာမန်ရောဂါများ၊ ခွဲစိတ်ရောဂါများ၊ သားဖွား/မီးယပ်ရောဂါများ၊ ကလေးရောဂါများ၊ အရိုးရောဂါများ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများ၊ မျက်စိရောဂါများ၊ သွားနှင့်ခံတွင်းရောဂါများ ဖြစ်ပွားသော ဒေသခံပြည်သူများကို စောင့်ရှောက်ကုသမှုပေးနိုင်ခဲ့သည့်အပြင် ဓာတ်မှန်၊ အာထရာဆောင်း၊ အီးစီဂျီနှင့် ဓာတ်ခွဲစမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ရန် လိုအပ်သော လူနာများကို နီးစပ်ရာတပ်မတော်ဆေးရုံများတွင် ကုသနိုင်ရန်စီစဉ်ပေးခဲ့သည်။

ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် နေထိုင်ကြသော ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မကျန်းမာ၊ ဖျားနာ၊ ထိခိုက်ဒဏ်ရာနှင့် ရောဂါကြီးငယ်တို့ဖြစ်ပွားရာတွင် ဆေးကုသမှုခံယူနိုင်ရန်အတွက် ငွေကြေးအရသော်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးခရီးလမ်းအရသော်လည်းကောင်း အခက်အခဲများစွာရှိကြသည်။ နီးစပ်ရာမြို့များနှင့် ရန်ကုန်မြို့ရှိ ဆေးရုံကြီးများသို့ သွားရောက်ဆေးကုသမှုခံယူမည်ဆိုလျှင် ငွေကြေးအကုန်အကျများကို မတတ်နိုင်သဖြင့် ကုသစောင့်ရှောက်မှုပေးနိုင်သူများကို မျှော်လင့်နေကြသည်။

ယခုအခါ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များက ဒေသခံပြည်သူများ နေထိုင်ရာ ကျေးလက်ဒေသများသို့ ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများနှင့်အတူ သမားတော်များ၊ ဆရာဝန်များ၊ သူနာပြုများကိုယ်တိုင် အခမဲ့လာရောက်ကုသစောင့်ရှောက်မှုပေးသဖြင့် ဒေသခံပြည်သူများအနေဖြင့် လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ကြရပြီး တပ်မတော်ကို ကျေးဇူးတင်ရှိနေကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ယခုကဲ့သို့ ဒေသခံပြည်သူများ လိုအပ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို တပ်မတော်သားများက စေတနာမေတ္တာများဖြင့် ဆောင်ရွက်ပေးမှုများကို ဒေသခံပြည်သူများက လှိုက်လှိုက်လှဲလှဲကြိုဆိုလျက်ရှိသည်။ ဤကဲ့သို့ ဆောင်ရွက်ပေးမှုများကို အခြားသောဒေသခံပြည်သူများကလည်း မျှော်လင့်နေကြမည်ဖြစ်သည်။

သို့ဖြစ်ရာ တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားကြိုးပမ်းထမ်းဆောင်ပြီး ပြည်ထောင်စုကြီး မပြိုကွဲမပျက်စီးအောင် ရှေ့တန်းတွင် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသလို နောက်တန်းတွင်လည်း ဒေသခံတိုင်းရင်းသားပြည်သူများ အကျိုးပြု၊ ကျန်းမာရေးစောင့်ရှောက်မှုများကို မွန်မြတ်သောစိတ်ထားဖြင့် ကျေပွန်စွာထမ်းရွက်လျက်ရှိပါကြောင်း။ ။