နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ်(၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာသက်ဝင်စေခဲ့သည်။
နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စစ်ပညာသင်ကြားရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ မြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ စနစ်တကျဖွဲ့စည်း၍ ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ရွေးချယ်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ စနစ်တကျရွေးချယ်ခဲ့သည့် မြို့နယ်၊ ရပ်ကွက်အလိုက် အကျုံးဝင်သည့် ပြည်သူ့စစ်မှုထမ်း သားကောင်းရတနာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လေ့ကျင့်ရေးသင်တန်းကျောင်းများတွင် အပတ်စဉ်(၁)မှ အပတ်စဉ်(၉)အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူများသိရှိနားလည်နိုင်စေရန် စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ရုပ်မြင်သံကြားများနှင့် သတင်းစာများတွင် မကြာခဏအသိပေးထုတ်ပြန်လျက်ရှိပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် အသက် ၁၈ နှစ် မှ အသက် ၃၅ နှစ်အထိ အမျိုးသားများကိုသာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင့်ခေါ်လျက်ရှိသည်။ ထိုသို့ဆင့်ခေါ်ရာတွင်လည်း ရပ်ကွက်၊ ကျေးရွာအခြေအနေများအရ အပတ်စဉ်အလိုက် လိုအပ်သည့်အရေအတွက်ကို သင့်လျော်သင့်မြတ်စွာ ဆောင်ရွက်လျက်ရှိပြီး ဦးစားပေးအနေဖြင့် ကာယကံရှင်များ၏ဆန္ဒနှင့် လိုအပ်မှုအနေအထားအချိုးကျအရ စနစ်တကျ ဆောင်ရွက်နေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိပကတိအနေအထားအရ ပြည်သူများအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိမှုနှင့် နိုင်ငံသားတိုင်း နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်တို့နှင့်ပတ်သက်ပြီး အသိအမြင်ဗဟုသုတ အားနည်းနေသည်ကို တွေ့ရသည်။ အသိအမြင်ဗဟုသုတနည်းပါးသူများ၊ နိုင်ငံတော်၏ ပကတိအနေအထားကို အမြင်မရှင်းကြသူများ၊ မသမာသူများ၊ တာဝန်နှင့်ဝတ္တရားကို အလွဲသုံးစား ပြုလုပ်သူများကြောင့် ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်ကို တွေ့ရသည်။ နိုင်ငံအများစုတွင် မိမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းထားပြီး ဥပဒေနှင့်အကျုံးဝင်သူ ပြည်သူများ အလှည့်ကျတာဝန်ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည်နှစ်က အာဏာသက်ဝင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ-၂၂ တွင် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည့်သူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်း ဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ၊ ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ လျှော့ပေါ့ခွင့်ပြုသူများကို ပြဋ္ဌာန်းထားသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၁၅(က)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှ တင်ပြလာသော ဆင့်ခေါ်ခံရသူများအနက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သူများ၊ တာဝန်မှ ရွှေ့ဆိုင်းခွင့်ပြုသူများကို ပြဋ္ဌာန်းထားသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသဖြင့် သတ်မှတ်ကာလအတွင်း ကျေပွန်စွာထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းရတနာများအဖြစ် ဂုဏ်ယူစွာ ဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဆောင်ရေးနှင့်ပတ်သက်၍ မြို့နယ်ရပ်ကွက်များတွင် စာရင်းကောက်ယူခြင်း၊ ဆင့်ခေါ်ခြင်းတို့ကို ဆောင်ရွက်ရာတွင် အချို့ဒေသများ၌ ဥပဒေနှင့်မညီသည့် ဆောင်ရွက်မှုများရှိသည်ဟု ကြားသိရသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုလုပ်မှုများကြောင့် နိုင်ငံတော်၏ ရည်ရွယ်ချက်ကို ထိခိုက်စေသည်။ မကြာသေးမီရက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုလုပ်၍ ငွေကြေးရယူဆောင်ရွက်ခဲ့ကြသူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းများအား ဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေသတ်မှတ်ချက်များအတိုင်းသာ ဆင့်ခေါ်နိုင်ရန်နှင့် ငွေကြေးတောင်းခံခြင်း၊ လူစားထိုးလဲလှယ်ခြင်းများမဖြစ်ပေါ်စေရန် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်၍ ဥပဒေနှင့်ညီညွတ်မှုမရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ဆက်သွယ်သတင်းပို့ ပူးပေါင်းကူညီဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။