Skip to main content

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ဖျာပုံမြို့၊ အမှတ် (၁၂) ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၅

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူလိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အမှတ် (၁၂) ရပ်ကွက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌အခြေပြု၍ အဆိုပါရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၂၆ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၅၂ ဦး၊ ခွဲစိတ်ရောဂါ ၁၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၇ ဦး၊ ကလေးရောဂါ ၂၁ ဦး၊ အရိုးရောဂါ ၅၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၇၂ ဦး၊ မျက်စိရောဂါ ၁၄၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၅ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၂၄ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၃ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။