နေပြည်တော် ဇန်နဝါရီ ၂၂
နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက် မအူတောကျေးရွာအုပ်စုနှင့် သက်နှင်းအင်းကျေးရွာ အုပ်စုတို့တွင် စက်မှုလယ်ယာဦးစီးဌာနက ဆောင်ရွက်နေသည့် စက်မှုလယ်ယာစနစ်ကျ လယ်မြေဧက ၂၆၀ ဒသမ ၇၀ ဖော်ထုတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
လှည့်လည်ကြည့်ရှု
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ဇေယျာသီရိမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးမှ သာယာစုကျေးရွာချင်းဆက်လမ်း အောက်ခံကျောက်လမ်းပြုပြင်ခြင်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ကျေးရွာအနီးရှိ ဆောင်းသီးနှံမတ်ပဲစိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ ကွင်းအမှတ်(၁၆၂၃-က)ရှိ ယာယီရှင်းလင်းဆောင်၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ တောင်သူများထံ သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်သည်။
ယင်းနောက် ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ်ကွက်ရှိ ဆင်ဖြူရှင်တောရ ပရိယတ္တိစာသင်တိုက် မြေထိန်းနံရံ တည်ဆောက်နေမှုကို လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့် တပင်ရွှေထီးရပ်ကွက် ခရေလမ်းကွန်ကရစ်လမ်းခင်းနေမှုကိုလည်းကောင်း၊ ပုဗ္ဗသီရိ မြို့နယ် မြို့ပတ်လမ်း၊ ဥတ္တရသီရိ မြို့နယ်သီရိမဏ္ဍိုင်လမ်းမကြီးနှင့် မြို့ပတ်လမ်းတို့တွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီကသန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာ
စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်