Skip to main content

အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်များ စတင်အသုံးပြုခြင်းအခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ တည်ဆောက်လျက်ရှိသည့် အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်များ (Linear Accelerators- LA) စတင်အသုံးပြုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အငြိမ်းစားကျန်းမာရေးဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ အငြိမ်းစားဆေးပညာရှင်ကြီးများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်ခန်း (၁) ဖြစ်သည့် Radixact စက်ခန်း၊ စက်ခန်း (၂) ဖြစ်သည့် Halcyon စက်ခန်း၊ CT Simulator စက်ခန်း၊ စက်ခန်း (၃) ဖြစ်သည့် Vital Beam စက်များ၏ စက်ခန်းများ ရှေ့၌ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက စက်လည်ပတ်ပုံနှင့် အသုံးပြုပုံကို ရှင်းလင်းပြသသည်။

Radixact စက်အမျိုးအစားသည် ဦးနှောက်နှင့် ကျောရိုးကင်ဆာများ၊ ကလေးကင်ဆာရောဂါများ၊ အရွယ်အစားကြီးမားသည့်ကင်ဆာများကို ကုသချိန်မြန်ဆန်စွာဖြင့် ကုသနိုင်ခြင်း၊ Halcyon စက်အမျိုးအစားသည် ကင်ဆာအမျိုးအစားမျိုးစုံကို ကုသချိန်မြန်ဆန်စွာဖြင့် လူနာများစွာကိုကုသနိုင်ခြင်း၊ Vital beam စက်သည် ရောင်ခြည်စွမ်းအားမျိုးစုံ၊ ပြင်းအားမျိုးစုံပါဝင်သောကြောင့် လိုအပ်သလိုပြောင်းလဲ အသုံးပြုနိုင်ပြီး အရေပြားကင်ဆာအပါအဝင် ကင်ဆာမျိုးစုံကိုကုသနိုင်မည်ဖြစ်သည်။ ထို့နောက် တက်​ရောက်လာကြသူများသည် စက်ခန်းများနှင့် အထောက်အကူပြုစက်တို့ကို လှည့်လည်ကြည့်ရှုကြပြီး လူနာများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ဆက်လက်၍ အမျိုးသားကင်ဆာရောဂါကုသရေးဌာန ငါးထပ်ဆောင်အစည်းအဝေးခန်းမ၌ အခမ်းအနားဒုတိယပိုင်းကိုကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာ စကားပြောကြားရာတွင် ယနေ့ခေတ်ကမ္ဘာတွင်မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှုများလာပြီး ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းတိုးတက်များပြားလာပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပံ့ပိုးဦးဆောင်မှုနှင့်အတူ ကင်ဆာရောဂါလူနာများအတွက် အရည်အသွေးမြင့်သော ကုသမှုများကို ပြည်တွင်း၌ပင် တိုးမြှင့်ရရှိနိုင်စေရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုးတက်များပြားလာသည့် ကင်ဆာရောဂါကုသရေးလုပ်ငန်းများအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ရေတို၊ ရေရှည် စီမံကိန်းများချမှတ်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကင်ဆာရောဂါကုသဌာနများ ရာနှုန်းပြည့်လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၊ ၂၀၂၄ ခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့၌ LA စက် အသစ်တစ်လုံးစီတို့ကို တိုးချဲ့တပ်ဆင်အသုံးပြုနိုင်ခဲ့ပါကြောင်း။

တိုးမြှင့်ကုသပေးနိုင်

ပြည်သူ့ဆေးရုံများသာမက ပုဂ္ဂလိကဆေးရုံငါးရုံတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသမှုလုပ်ငန်းများကို ခွင့်ပြုထားပြီး အဆိုပါဆေးရုံများတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့မှ ရွေးချယ်ပေးသော ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူရမည့်လူနာများအား အခမဲ့ဓာတ်ရောင်ခြည်ကုသမှုများ အားဖြည့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ကင်ဆာရောဂါဆိုင်ရာ အထူးကုဆရာဝန်များ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများကိုလည်း စနစ်တကျမွေးထုတ် သင်ကြားလျက်ရှိပါကြောင်း၊ ကင်ဆာရောဂါကုသရေးနှင့် သုတေသနပြုရေးအတွက်ရည်ရွယ်၍ အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို စနစ်တကျစီမံကိန်း ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယနေ့မှစတင်၍ LA စက်သုံးလုံး စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများကလည်း နေ့ဆိုင်းညဆိုင်းဖြင့် အားသွန်ခွန်စိုက်ကုသပေးမှုကြောင့် တစ်ရက်လျှင် စုစုပေါင်းလူနာ ၂၀၀ မှ ၄၀၀ အထိ တိုးမြှင့်ကုသပေးနိုင်မည်ဖြစ်ပါကြောင်း။

လူနာများစိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရေးအတွက် သွားလာရေးနှင့်စားသောက်ရေး အဆင်ပြေအောင်စီစဉ်ပေးထားပြီး ကျန်းမာရေးဝန်ထမ်းများအတွက်လည်း ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးထားပါကြောင်း၊ ခေတ်မီဓာတ်ရောင် ခြည်ကုသစက်များ ရောက်ရှိချိန်မှစ၍ တပ်ဆင်အသုံးပြုနိုင်သည်အထိ ကူညီဆောင်ရွက်​ပေးခဲ့သူအားလုံးကို အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်၏များပြားသော ရင်းနှီးစိုက်ထုတ်မှုဖြင့် ဝယ်ယူထားသောစက်များ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ကင်ဆာရောဂါဝေဒနာရှင်များအား ရေရှည်ကုသမှုပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ ကုသမှုပေးရာတွင် ကိုယ်ချင်းစာတရား၊ အကြင်နာတရားထားရှိကာ ယဉ်ကျေးချိုသာစွာ ပြောဆိုဆက်ဆံကြရန်၊ အမျိုးသားကင်ဆာရောဂါကုသရေးဌာန အမြန်တည်ဆောက်ပြီးစီးကာ ပိုမိုတိုးတက်၍ ပြည်သူလူထုအားကိုးရသည့် ဌာနကြီးဖြစ်လာစေရန်အတွက် တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ကုသရေး) က ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ပြီးစီးသည့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်​ဆေးကြသည်။

အမျိုးသားကင်ဆာရောဂါ ကုသရေးဌာနကို နိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ဆေးရုံ ငါးထပ်လူနာဆောင်အား ငွေကျပ် ၉ ဒသမ ၂ ဘီလီယံ၊ ဆေးရုံစက်ခန်းများနှင့် ဆက်စပ်လုပ်ငန်းများအတွက် ၁၆ ဒသမ ၉ ဘီလီယံ၊ ဝန်ထမ်းအိမ်ရာများဆောက်လုပ်ခြင်းအတွက် ၄ ဒသမ ၉ ဘီလီယံ၊ ဆေးရုံသုံးရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းထိန်းသိမ်းရေး ကွန်ကရစ်သိုလှောင်ကန်လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် ၁ ဒသမ ၄ ဘီလီယံ၊ စုစုပေါင်း ငွေကျပ် ၃၂ ဘီလီယံကျော်ဖြင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ်အတွင်း ရှစ်ထပ်လူနာဆောင် ပြီးစီးအောင်ဆောက်လုပ်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူး အဖွဲ့ (၁) မှ တာဝန်ယူဆောက်လုပ်ပေးလျက်ရှိသည်။

ယနေ့ဖွင့်လှစ်သည့် ကင်ဆာရောဂါကုသစက်သုံးလုံး၏တန်ဖိုးမှာ မြန်မာငွေကျပ် ၃၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိပြီး အဆိုပါစက်များနှင့်အတူ တွဲဖက်အသုံးပြုရသည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုအထောက်အကူ ပြုစက် (CT Simulator) တစ်လုံး၏တန်ဖိုးမှာ မြန်မာငွေကျပ် ၂ ဒသမ ၅၅ ဘီလီယံတန်ဖိုးရှိကြောင်း သိရသည်။

သတင်းစဉ်