မီးအန္တရာယ်ကို ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာက အသိပညာပေးနှိုးဆော်မှုကို စဉ်ဆက်မပြတ်ပြုလုပ်နေသည်။ မီးဘေးရှောင်၊ မလောင်ခင်တားဟူသည့် ဆောင်ပုဒ်နှင့်အညီ မီးလောင်ကျွမ်းမှုသည်မဖြစ်ခင် ကြိုတင်ကာကွယ်တားဆီးခြင်းက မီးလောင်မှုဖြစ်ပေါ်မှ ငြှိမ်းသတ်ခြင်းထက် ပို၍ထိရောက်စေသည်။ အန္တရာယ်ကြီးမားသည့် မီးလောင်ကျွမ်းမှုကြီးများ ဖြစ်ပွားသည့်အခါ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံးအင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်ကဲ့သို့သော နိုင်ငံမျိုးပင်လျှင် မနိုင်မနင်းငြှိမ်းသတ်နေရသည်ကို တွေ့မြင်ရသည့်အပြင် လူသေဆုံး၊ ပျောက်ဆုံးသတင်းများလည်း တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်ဟု သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မီးလောင်ကျွမ်းမှုစုစုပေါင်း ၉၅၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ခဲ့ရာ နှစ်ကုန်ကာလအထိဆိုလျှင် ကြိမ်ရေပေါင်း ထပ်မံတိုးပွားလာမည်ဖြစ်သည်။ မီးလောင်ကျွမ်းမှု အမျိုးအစားအလိုက်အားဖြင့် မီးဖိုမီး ၁၄၇ ကြိမ်၊ ပေါ့ဆမီး ၂၆၈ ကြိမ်၊ အလိုအလျောက်မီး ၁၇ ကြိမ်၊ လျှပ်စစ်မီး ၃၅၂ ကြိမ်၊ မသမာလူရှို့မီး ၆၁ ကြိမ်၊ တောမီး ၆၂ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၄၃ ကြိမ်၊ မိုးကြိုးပစ်ခြင်းကြောင့် တစ်ကြိမ်နှင့် စုံစမ်းဆဲနှစ်ကြိမ်ဖြစ်ရာ မီးလောင်ကျွမ်းမှုအများစုသည် လူတို့၏ပေါ့ဆမှုနှင့် လူ့ပယောဂတို့နှင့် မကင်းသည်ကို တွေ့ရှိနိုင်သည်။ အထက်ဖော်ပြပါ ကာလအတွင်း မီးလောင်ကျွမ်းမှုများကြောင့် ဆုံးရှုံးခဲ့မှုများတွင် စက်ရုံအလုပ်ရုံ ကိုးလုံးနှင့် ဂိုဒေါင် ၄၄ လုံးအပါအဝင် အိမ်ခြေအဆောက်အအုံ ၃၆၅၁ လုံးမီးသင့်ခဲ့ပြီး ပြည်သူ ၈၅၅၄ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ လူ ၇၆ ဦးသေဆုံး၊ ၉၀ ဒဏ်ရာရရှိကာ တိရစ္ဆာန် ၅၈၉ ကောင် သေဆုံးခဲ့ရသည်။ စုစုပေါင်း ငွေကြေးတန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၇၈၃၉ ဒသမ ၃၉၄ ခန့် ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ မီးလောင်ကျွမ်းမှု ၁၃၆၂ ကြိမ်နှင့် ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ မီးလောင်ကျွမ်းမှု ၁၅၀၇ ကြိမ်နှင့် ခန့်မှန်းပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ် ခြောက်ဘီလီယံကျော်ရှိခဲ့ရာ နှစ်စဉ်မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေး၊ ကယ်ဆယ်ရေးတို့အတွက် သုံးစွဲရသည့် ငွေကြေးပမာဏတို့မှာ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖို့ ကြီးမားသည့် ဆုံးရှုံးမှုပင်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည်။ သို့ဖြစ်ရာ မီးလောင်ကျွမ်းမှုဖြစ်ပေါ်စေခြင်း၏ မူလအကြောင်းရင်းများကို ဖယ်ရှားနိုင်ခြင်းအားဖြင့် မီးလောင်ကျွမ်းမှု အကြိမ်ရေ လျော့ကျလာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ပွားရသည့် အကြောင်းရင်းများအနက်မှ လျှပ်စစ်မီးကြောင့် မီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရန် လျှပ်စစ်မီးဖြင့် ထမင်း၊ဟင်းချက်ပြုတ်ပါက ဝန်အား မျှတသည့် ဝိုင်ယာကြိုးများကို အသုံးပြုခြင်း၊ လျှပ်စီးပတ်လမ်းကို အလိုအလျောက်ဖြတ်တောက်ပေးသော ကိရိယာများကိုအသုံးပြုခြင်း၊ ဝန်အားမနိုင်လျှင် လျှပ်စီးပတ်လမ်းဖြတ်တောက်ပေးသည့် ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိခြင်းကို နားလည်တတ်ကျွမ်းသည့် ပညာရှင်များ၏ အကူအညီဖြင့် ဆောင်ရွက်ခြင်း၊ နေအိမ်တွင် အသုံးပြုထားသည့် လျှပ်စစ်ပစ္စည်းများကို နှစ်စဉ်စစ်ဆေးပြီး အန္တရာယ်ရှိသည့် အနေအထားဖြစ်ပေါ်နေပါက လဲလှယ်ခြင်းတို့ကို ဆောင်ရွက်ရန် အသိပေးနှိုးဆော်ထားသည်။
ထို့ပြင် ကလေးသူငယ်များ မီးအသုံးပြုခြင်း၊ မီးနှင့်ဆော့ကစားခြင်းတို့ မပြုလုပ်စေရန် ဆေးလိပ်မီး၊ ခြင်ဆေးခွေမီး၊ အမွှေးတိုင်မီး၊ ဖယောင်းတိုင်မီးတို့ သုံးစွဲရာတွင် အသုံးပြုပြီးပါက ဂရုတစိုက် ငြှိမ်းသတ်ရန်၊ နေအိမ်မှပြင်ပသို့ထွက်ခွာရာတွင် အိမ်တွင်ရှိသမျှ လျှပ်စစ်မီး၊ မီးဖိုမီးအပါအဝင် မီးအားလုံးကို မိန်းချငြှိမ်းသတ် စနစ်တကျစစ်ဆေးပြီးမှ ပြင်ပသို့ထွက်ခွာကြရန်လည်း ပညာပေးထားသည်။ အဆိုပါအကြောင်းအရာများသည် မိမိတို့နိုင်ငံတွင် နှစ်စဉ်ကြားသိနေရသော မီးလောင်မှုများဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းများပင်ဖြစ်ရာ မီးသတ်ဦးစီးဌာန၏ အသိပညာပေး နှိုးဆော်ချက်များနှင့်အညီ သတိပြုလိုက်နာ ကျင့်သုံးဆောင်ရွက်ခြင်းအားဖြင့် ကျရောက်လာနိုင်ဖွယ်ဖြစ်သော မီးဘေးအန္တရာယ်မှ ကင်းဝေးနိုင်ကြမည်ဖြစ်ပါကြောင်း။ ။