မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၃၀ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူ များ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြ လိုက်ပါသည်။
အစီအစဉ်မှူး ။ ။ ယခုလက်ရှိမြန်မာနိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီးနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက် နေတဲ့ကာလ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွေကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိနေတာကိုလည်း မိဘပြည်သူများ အတွေ့အမြင်ပဲ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်နေစဉ်မှာလည်း အများပြည်သူတွေ အနေနဲ့ ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်လို့ သိရှိလိုတာတွေ လည်း တိုးမြင့်လာနေပြီလို့ သိရပါတယ်ရှင်။ ဒါကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတို့ ပူးပေါင်းပြီး ရုပ်မြင်သံကြား အမေး / အဖြေကဏ္ဍကို တင်ဆက်ပေးဖို့ လမ်းညွှန်ချက် ပေးခဲ့တာကြောင့် နည်းပညာပိုင်းဆိုင်ရာ ကူညီအကြံပြု အားဖြည့် ဆောင်ရွက်နိုင်ရေးအဖွဲ့မှ ပါမောက္ခကြီးတွေ၊ အငြိမ်းစားပါမောက္ခကြီးတွေနဲ့ သမားတော်ကြီးတွေက ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်လို့ မိဘပြည်သူတွေ သိရှိ လိုတဲ့ မေးခွန်းတွေကို ဖြေကြားဆွေးနွေးပေးသွားကြမှာ ဖြစ်ပါ တယ်။
ဒီနေ့အတွက် မေးမြန်းဖြေကြား ဆွေးနွေးမှုမှာတော့ ပါမောက္ခဒေါက်တာဦးရဲမြ (သွေးရောဂါအထူးကု ဆရာဝန် ကြီး)၊ ပါမောက္ခ ဒေါက်တာ ဦးစိုးလွင်ငြိမ်း (ကူးစက်ရောဂါ အကြံပေးပညာရှင်)နဲ့ ဒေါက်တာ ဒေါ်သီတာလှ (ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန) တို့က ပါဝင် ဆွေးနွေးပေးကြမှာ ဖြစ်ပါတယ်။ ဆရာကြီးတို့ / ဆရာမ ကြီးတို့ အားလုံးမင်္ဂလာပါရှင်။ ဟုတ်ကဲ့ပါ ပထမဆုံးအနေ နဲ့ ဒီနေ့ဆွေးနွေးပွဲမှာ ပါဝင်ပြီးတော့ ဆွေးနွေးပေးတဲ့ အတွက် ဆရာကြီး / ဆရာမကြီး တို့ကို အထူးကျေးဇူးတင် ရှိပါကြောင်း ပြောကြားပါရစေရှင်။ ဒီနေ့ရဲ့ ဆွေးနွေး မှုတွေ ကို စတင်ဖို့အတွက်ဆရာမကြီးကနေ ဦးဆောင်ဆွေးနွေး ပေးဖို့အတွက် ဖိတ်ခေါ်အပ်ပါတယ်။
ဒေါက်တာဒေါ်သီတာလှ ။ ။ ကျေးဇူး တင်ပါတယ်။ မြန်မာ့ ရုပ်မြင်သံကြား ကြည့်ရှုနေတဲ့ ပြည်သူများအားလုံး မင်္ဂလာပါရှင်။ ကျွန်မ ကတော့ အဓိက တာဝန် ထမ်းဆောင်တာက နေပြည်တော် မှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ရန်ကုန်တိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်း ရေးကော်မတီနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့အကြား ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့အတွက် ကုသရေးဦးစီးဌာနရဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ ရန်ကုန်မြို့ ကို စက်တင်ဘာ ၁၅ ရက်တည်းက ရောက်ရှိပြီး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေကို ထမ်းဆောင်နေတာ ဖြစ် ပါတယ်။
ယနေ့အစီအစဉ်အရ ကျွန်မတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook Page မှာ မေးမြန်း ထားတဲ့ မေးခွန်းတွေအပေါ်မှာ ပြည်သူများ သိရှိဖို့အတွက် ပြန်လည်ဖြေကြားပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီ အစဉ်မှာ ကျွန်မရဲ့ ဆရာကြီးများဖြစ်တဲ့ ဆရာကြီး ဦးရဲမြနဲ့ ဆရာကြီး ဦးစိုးလွင်ငြိမ်းတို့ နှစ်ဦးက အတူပါဝင်ပြီး ဖြေကြား ပေးသွားမှာ ဖြစ်ပါတယ်။
ကျွန်မအနေနဲ့ မေးခွန်းတွေက များတဲ့အတွက် တူရာ၊ တူရာ မေးခွန်းတွေကို ပေါင်းစပ်ပြီးတော့ ဒီထဲကမှ ယနေ့ အခြေအနေနဲ့ ကိုက်ညီတဲ့၊ ပြည်သူတွေသိချင်တဲ့ မေးခွန်း များကို ရွေးထုတ်ထားတာ ဖြစ်ပါတယ်။ ပထမဦး ဆုံးအနေ နဲ့ ဆရာကြီး ဦးရဲမြ ရှင့်၊ ရွေးချယ်ထားတဲ့ မေးခွန်းများ အနက် အနံ့မရတာနဲ့ ပတ်သက်ပြီး မေးခွန်းက အများဆုံး ဖြစ်တာကို စစ်ဆေးတွေ့ရှိရပါတယ် ဆရာကြီးရှင့်။
ဒီမေးထားတဲ့ မေးခွန်းတွေမှာတော့ အနံ့ပျောက်တိုင်း ကိုဗစ် - ၁၉ ဖြစ်လာနိုင်လား။ အနံ့နဲ့ ပတ်သက်ပြီးတော့ ဘာမှ မရတော့တာလား။ အနံ့နဲ့ အရသာပါတွဲပြီး ပျောက်တာလား။ ဒီရာသီမှာက မိုးမိပြီး ရာသီတုပ်ကွေး လည်း ဖြစ်နိုင်တော့ ရာသီတုပ်ကွေးကရော အအေးမိ နှာစေးအနံ့ပျောက်လား စသဖြင့် မေးမြန်းထားတာ ဖြစ် ပါတယ်။ ဒီမေးခွန်းကိုလည်း ဖြေကြားပေးဖို့အတွက် ဆရာကြီးကို မေတ္တာရပ်ခံပါတယ်။
ပါမောက္ခဒေါက်တာဦးရဲမြ ။ ။ ဟုတ်ကဲ့၊ ယခု ဒုတိယ လှိုင်းမှာ ရောဂါပိုး ကူးစက်ခံရတဲ့ လူတွေများလာတာနဲ့ အမျှ နောက်ပိုင်းမှာ အနံ့မရဘူးဆိုတဲ့ လက္ခဏာတစ်ခုက သိသိသာသာ ထွက်လာတာပေါ့။ တစ်နေ့တစ်နေ့ကို ရာဂဏန်းအထိတောင်မှ တွေ့လာရတာဖြစ်တယ်။ အဲဒီ တော့ ဒီကိုဗစ်- ၁၉ မှာ အနံ့မရတာဟာ အရေးကြီးတဲ့ လက္ခဏာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီအနံ့မရတဲ့ လက္ခဏာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထည့်သွင်းဖော်ပြထားပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ ဒီအချိန်ကာလမှာ ဒီလိုအနံ့မရ တာဟာ တော်တော်လေး ထူးခြားပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်းလေးအတွင်းမှာ စပြီးဖြစ်တာဆိုရင်ကိုဗစ်- ၁၉ ရောဂါဖြစ်ဖို့ တော်တော်လေးများပါတယ်။ ရှင်းရှင်း ပြောရ ရင် အခုမှဖြစ်တာ၊ အခုမှသိတာဆိုရင် စစ်လိုက်လို့ ရှိရင် ပိုးတွေ့တာ တော်တော်လေးကို များပါတယ်။
ဒါပေမယ့် တစ်ခုသတိထားရမှာက နဂိုတည်းကိုက ကျွန်တော်တို့ နှာခေါင်းပိတ်တတ်တဲ့ ရောဂါရှိတယ်။ ခဏ ခဏ နှာစေးတယ်၊ နှာချေတဲ့ ရောဂါရှိတယ်။ ဒီလူတွေ က အနံ့နဲ့ ပတ်သက်ပြီး လျော့နည်းနေတာလေးတွေကို တော့ ရှိနိုင် ပါတယ်။ ဒါပေမယ့် ကျွန်တော်ဆိုလိုတာက အခုမှ ဖြစ်တဲ့ဟာ၊ သိသိသာသာဖြစ်လာတာက အရေးကြီး ပါတယ်။ ဒီမှာ အနံ့လုံးဝပျောက်ဆုံးသွားတဲ့သူ ရှိသလို အနံ့ကို ခါတိုင်းလောက် မခံစားနိုင်တာ လျော့သွားတဲ့ဟာ တွေ ရှိ ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က အနံ့ပျောက် သွားပြီဆိုရင် စောစောကပြောသလို ကပ်ရောဂါအချိန် မှာ အခု ချက်ခြင်းဖြစ်တာဆိုရင် အင်မတန်သတိထားဖို့ လိုပါတယ်။
ဒါကို ဆေးရုံ၊ ဆေးခန်းပြသဖို့လည်း လိုပါလိမ့်မယ်။ အဲဒီတော့ ကျွန်တော် တင်ပြသလိုပဲ တော်တော်များများဟာ နှာခေါင်းတို့ဖတ်ယူလို့ရှိရင် ပိုးတွေ့ရှိရပါတယ်။ အရသာ ပျောက်ဆုံးတာနဲ့လည်း တွဲဖြစ်တတ်ပါတယ်။ နောက်ပြီး တော့မှ ချောင်းဆိုးတာတို့၊ မောတာတို့နဲ့လည်း တွဲဖြစ် တတ်ပါတယ်။ များသောအားဖြင့် အနံ့ပျောက်တာ တစ်ခု တည်းဆိုရင် ကျွန်တော်တို့က အခြေအနေ တော်တော်လေး ကောင်းတယ်ပေါ့။ တော်တော်များများက ပြန်ပြီးတော့ ကောင်းသွားကြပါတယ်။
ဒါပေမယ့် ဒီအနံ့ပျောက်တယ်ဆိုကတည်းက ကူးစက် ခံရတယ်လို့ ယူဆတဲ့အတွက် တခြားသူတွေကို ကူးစက် နိုင်တဲ့ အန္တရာယ်ရှိလာနိုင်တော့ ဒီအနံ့ပျောက်တဲ့သူတွေနဲ့ ပတ်သက်ပြီး ရောဂါကာကွယ်ဖို့ အတွက်၊ ရောဂါ ထိန်းချုပ် ဖို့အတွက် ကျွန်တော်တို့ရဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အခုကာလမှာ ချမှတ် ထားတာ ရှိပါတယ်။ ဒါလေးတွေကိုတော့ ဒေါ်သီတာလှကပဲ နည်းနည်း ပြန်ရှင်းပြပေးပါ။
ဒေါက်တာဒေါ်သီတာလှ ။ ။ ဟုတ်ကဲ့ပါရှင်၊ အခုလို ရှင်းပြ ပေးသွားတာ ကျေးဇူးတင်ပါတယ်။ ပြည်သူများ အနေနဲ့ကလည်း ပိုမို ပြီးတော့ ရှင်းလင်းစွာ နားလည်သဘောပေါက်မယ်လို့ ထင်ပါတယ်။ တစ်နိုင်ငံလုံးမှာ ဒီရောဂါပိုးရှိသူများရဲ့ လက္ခဏာများအနက် ၅၆ ရာခိုင်နှုန်းခန့်က အနံ့မရတာ ဖြစ်တယ်လို့ ကျွန်မတို့ရဲ့ လေ့လာချက်များအရ၊ စစ်ဆေး တွေ့ရှိချက်များအရ သိရပါတယ်။
ဒါကြောင့်မို့ ကျွန်မတို့ ဒီအနံ့မရတာနဲ့ပတ်သက်ပြီး တစ်နေ့တစ်နေ့ ဆေးရုံတွေကို လာပြီးပြတဲ့ စောင့်ကြည့် လူနာ/ သံသယလူနာ အရေအတွက်က များလာပါတယ်။ ဒီလိုများလာတဲ့အတွက်ကြောင့်မို့ အလျင်အမြန်စစ်နိုင်တဲ့၊ နာရီဝက်အတွင်းမှာ အဖြေရနိုင်တဲ့ Antigen Rapid Test Kit ကို ကျွန်မတို့ ဒီနေ့မှာ စပြီးသုံးလို့ရပါပြီ။ ဒီနေ့သုံးတာ လည်း ကျွန်မတို့ ရန်ကုန်မြို့ပေါ်က ဆေးရုံကိုးရုံမှာ စတင် ပြီး အသုံးပြုတာဖြစ်ပါတယ်။ အဲဒီဆေးရုံ ကိုးရုံက ဗဟို အဆင့် ဆေးရုံကြီး ငါးရုံ၊ တိုင်းဒေသကြီးအဆင့် ဆေးရုံ လေးရုံ အားလုံး ကိုးရုံပါ။ ကျွန်မတို့ အသုံးပြုနေပါပြီ၊ ဒီနေ့စပြီးသုံးနေတာ ဖြစ်ပါတယ်။
ဒီဗဟိုအဆင့်ဆေးရုံကြီး ငါးရုံကတော့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးနဲ့ အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး)တို့ ဖြစ်ပါတယ်။ နောက်တိုင်းဒေသကြီး အဆင့် ဆေးရုံတွေက အရှေ့ပိုင်းဆေးရုံကြီး၊ အနောက် ပိုင်း ပြည်သူ့ဆေးရုံကြီး၊ သန်လျင်နဲ့ လှိုင်သာယာပေါ့နော်။
ဒီဆေးရုံကိုးရုံမှာ ကျွန်မတို့ Antigen Rapid Test Kit ကို သုံးပြီး စစ်ဆေးပေးနေပါတယ်။ အဲဒီအတွက်လည်း ကျွန်မတို့ ယခင်ထက်စာရင် အခုဆေးရုံတွေမှာ PUI လို့ ခေါ်တဲ့ စောင့် ကြည့်လူနာတွေ များပြားတဲ့ အတွက် ကြောင့်မို့ ပြည်သူတွေစိုးရိမ်နေကြတဲ့ တစ်ဦးကနေ နောက် တစ်ဦးကို ကူးစက်သွားတာ ပိုးတွေ့ပြီ ဆိုရင်လည်း အချိန်မီခေါ် နိုင်ခြင်း မရှိတာတွေကိုလည်း ဒီပြဿနာတွေကို ကျွန်မ တို့ ဖြေရှင်းနိုင်တဲ့ နည်းလမ်း တစ်ခုဖြစ် ပါတယ်။ ယခင် က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနတွေ၊ နောက်ဆေးရုံတွေမှာရှိတဲ့ ဓာတ်ခွဲခန်းတွေ၊ နောက် ရန်ကုန် / မန္တလေးကို တိုးချဲ့ပြီးတော့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွေမှာ ကျွန်မတို့ စစ်ပေးနေပေမယ့် အချိန်က ယူရပါတယ်။ ယခု Rapid Test Kit ဆိုတော့ ဒီပြဿနာတွေကို ဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါလေး ကို ပြည်သူများကို အသိပေးလိုပါတယ်။
ဒီ Rapid Test Kit နဲ့စစ်ပြီးတဲ့အခါ ခုနက အနံ့မရတဲ့ ရောဂါလက္ခဏာတစ်ခုပဲရှိတယ်။ ဒါပေမယ့် ဓာတ်ခွဲ အတည်ပြု လူနာဖြစ်သွားပြီဆိုရင် ယခင်လိုမျိုး ဝေဘာဂီ၊ တောင်ဥက္ကလာ၊ ဖောင်ကြီးပြီးတော့ ယခု ကျွန်မတို့ရဲ့ Medical Center အသစ်တွေကို ပို့ဆောင်မယ့်အစား ကျွန်မတို့က မိမိနေထိုင်ရာ မြို့နယ်တစ်နည်းအားဖြင့် လာရောက်ပြသတဲ့ ဆေးရုံနဲ့အနီးဆုံး သို့မဟုတ် မိမိ နေထိုင်ရာမှာ အနီးဆုံးရှိတဲ့ အနံ့မရစင်တာမှာ ထားရှိပြီး လိုအပ် တဲ့ကုသမှုများ ပေးသွားမှာဖြစ်ပါကြောင်း ပြည်သူ များကို သိရှိစေရန် အစီရင်ခံလိုပါတယ်။ အဲဒီ အနံ့မရတဲ့ လူနာထားရှိရာနေရာ (Anosmia Center) တွေမှာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ကျွန်မတို့ ကျန်းမာရေးအဖွဲ့က ပူးပေါင်းပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။
နောက်မေးခွန်းတစ်ခုနဲ့ ပတ်သက်ပြီးတော့ ကျွန်မ မေးမြန်းလိုတာက ဒီနေ့ နံနက် ၈ နာရီအထိ သေဆုံး လူနာဦးရေ ၂၇၇ ဦးရှိပြီဖြစ်ပါတယ်။ ကျွန်မတို့ ဓာတ်ခွဲ အတည်ပြုလူနာက ၁၁၈၄၉ ဦးဖြစ်တဲ့အတွက်ကြောင့်မို့ သေဆုံးမှု ၂ ဒသမ ၃၃ ရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့် ဒီမေးခွန်းထဲမှာလည်း ဒီလူတွေက ခုနကလို သေတဲ့အတွက် တအား ကြောက်နေကြတော့ ဒီသေဆုံးနှုန်းနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုဖြစ်တဲ့ လက်ရှိသေဆုံးနှုန်းကို လျှော့ချနိုင်အောင် ဘာတွေလုပ်ဆောင်နေပါသလဲ။ ရောဂါအခံရှိသူက ကိုဗစ်ကူးပြီဆိုတာနဲ့ သေရတော့မှာလား။ ရောဂါအခံရှိသူ ကူးစက်ခံရချိန်မှာ မသေအောင် ဘာတွေလုပ်သင့်သလဲ။ အဖြေက သေပြီးမှ သိရတာထက် မသေခင်သိရမယ့် နည်းလမ်းကရော ဘာတွေရှိသလဲ ဆိုပြီး မေးထား ပါတယ်။ ဒီမေးခွန်းကိုလည်း ဆရာကြီးအနေနဲ့ ဖြေကြား ပေးစေလိုပါတယ်။
ပါမောက္ခဒေါက်တာရဲမြ ။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ၁၂၂၇၇ ရှိ တော့ ၂ ဒသမ ၃ ရာခိုင်နှုန်းပေါ့။ ဆေးရုံတက်တဲ့သူတွေထဲ က ၂ ဒသမ ၃ ရာခိုင်နှုန်း သေတာဖြစ်ပါတယ်။ ဒီထက်များ ကျယ်ကျယ်ပြန့်ပြန့်စစ်နိုင်မယ်ဆိုရင် နေကောင်းတဲ့သူတွေလည်း ပိုးရှိတယ်။ သို့သော်လည်း နေကောင်းတဲ့သူတွေလည်း အများကြီးပေါ်လာနိုင်တာဖြစ်တဲ့အတွက် ဒီထက် လည်း နည်းနိုင် တယ်။
သို့သော်လည်း ၂ ဒသမ ၃ ရာခိုင်နှုန်းကို နည်းနည်း လေး နှိုင်းယှဉ်ပေးပါရစေ။ တရုတ်ပြည်မှာ စဖြစ်တုန်းက ဆိုရင် ၅ ရာခိုင်နှုန်းလောက် သေဆုံးမှုရှိပါတယ်။ အီတလီ ဆိုရင်လည်း ၁၁ ရာခိုင်နှုန်းလောက်ရှိတယ်။ ယူကေဆိုရင် လည်း စဖြစ်တုန်းက ၁၀ ရာခိုင်နှုန်းလောက် ရှိတယ်။ လောလောဆယ် ထိုင်းမှာဆိုရင် ၁ ဒသမ ၇ ရာခိုင်နှုန်း ရှိတယ်။ ဗီယက်နမ်ကတော့ ထိန်းချုပ်သွားပြီဆိုပေမယ့် ၃ ဒသမ ၃ ရာခိုင်နှုန်းလောက် ရှိတယ်။ ကျွန်တော်တို့က ဒီလှိုင်း အနေနဲ့ ဝင်လာတဲ့အခါ အများဆုံး ဒီလှိုင်းရိုက်ခတ် ခံရတာက အသက်ကြီးတဲ့သူတွေရယ်၊ အခြေခံရောဂါ ရှိတဲ့ သူတွေရယ် အရင်ဆုံးဒီလှိုင်းရဲ့ဒဏ်ကို ခံရတာဖြစ်တယ်။
သေဆုံးနေတဲ့သူတွေမှာ ကြည့်လိုက်မယ်ဆိုရင် အသက်ကြီးတဲ့သူတွေရယ်၊ အဓိက အခြေခံရောဂါရှိတဲ့ သူတွေရယ် များပါတယ်၊ အသက် ၉၀ နဲ့ လူနာတစ်ယောက် လာတယ်၊ အသက်ကလည်း သိပ်ကြီးတယ်၊ အခြေခံရောဂါ လည်း ရှိတယ်၊ ဒီလိုပဲ ကျောက်ကပ် အလုပ်မလုပ်ဘဲ ကျောက်ကပ်ဆေးနေရတဲ့သူတွေ ရှိတယ်။ ဆီးကလည်း သိပ်မထွက်တော့ဘူး။ အဲဒီအချိန်မှာ ဆေးရုံရောက်လာ တယ်။ အစွမ်းကုန်ကြိုးစားတယ်၊ မမီလိုက်ဘူး။
အသက် ၈၈ နှစ်ရှိတယ်။ ဆေးရုံရောက်ပြီး နာရီပိုင်း အတွင်းမှာ သေဆုံးသွားတယ်။ ဒီလို လှိုင်းရိုက်ခတ်တဲ့အခါ ရောဂါအနေနဲ့က အင်မတန် အားနည်းတဲ့သူတွေကို အဓိက ထိခိုက်သွားတာပေါ့။အသက်ကြီးတဲ့သူတွေ၊ ရောဂါ အခြေခံရှိတဲ့သူတွေ ဖြစ်နေပါတယ်။ အဓိက သေဆုံးနေ တာ အဲဒီလိုတွေ ဖြစ်နေပါတယ်။
အီတလီမှာဆိုရင် သေဆုံးမှုနှုန်းတွေက အတော်များ တယ်။ တစ်ခါတလေ ၂၀ ရာခိုင်နှုန်းတွေတောင်ဖြစ်တယ် ဆိုတော့ အသက်ကြီးတဲ့သူတွေ သိပ်များလို့ ဖြစ်ပါတယ်၊ အဲဒီလူတွေက ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသော် လည်း အခြေခံရှိတဲ့အခါ ရောဂါတွေက သိပ်ပြင်းထန်နေတဲ့ အခါ ဒီ ကိုရိုနာဗိုင်းရပ်စ်ကြီး ဝင်လာတဲ့အခါကျတော့ ပိုပြီးတော့ ဆိုးသွားတာပါ။ ဒီဟာကတော့ တော်တော်လေး ခက်ခဲပါတယ်၊ နိုင်ငံတိုင်းမှာဖြစ်နေတဲ့ အခြေအနေပေါ့။
နောက်တစ်ခုက ကျွန်တော်တို့ဆီကို ရောက်တဲ့ အခြေအနေက သိပ်နောက်ကျတဲ့အခြေအနေပါ။ ဒီနေ့ သတင်းစာထဲမှာပဲ အယောက် ၃၀ သေဆုံးတဲ့အထဲမှာ ၁၅ ယောက်က ဆေးရုံရောက်တဲ့အခါမှာ သေဆုံးနေပြီ။ အဲဒီနောက်ကျတဲ့ကိစ္စလည်း ရှိတယ်။ ဆေးရုံမသွားချင်ဘူး။ အိမ်မှာ လေး၊ ငါးရက် စောင့်ကြည့်လိုက်ဦးမယ်။ အဲဒီမှာတင် တော်တော်လေး နောက်ကျသွားရော။ ဒီရောဂါ က သိပ်မြန်တယ်။ မသင်္ကာဖြစ်တာနဲ့ကို အစမ်းသပ်ခံဖို့ လိုပါတယ်။ ဆေးရုံကြောက်တယ်ဆိုပြီး ရှောင်နေဖို့ မဟုတ် ဘဲ မြန်မြန်ရောက်ရှိဖို့ လိုပါတယ်။ အဲဒီလို ရောက်တာ နောက်ကျတဲ့ အပိုင်းလေးတွေလည်း ပါပါတယ်။
အဲဒီတော့ ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အစွမ်းကုန်ပြင်ဆင်ထားပါတယ်။ ရောဂါ ဖြစ်တာနဲ့ သေတော့မလားဆိုရင်တော့ မသေပါဘူး။ ဝူဟန်မှာတော့ သူတို့က ထောင်နဲ့သောင်းနဲ့ သိန်းနဲ့ချီပြီးဖြစ်တဲ့အခါ အဲဒီကထွက်လာတဲ့ ကိန်းဂဏန်းတွေအရ ကူးစက်ခံရပြီဆိုရင် ၈၀ ရာခိုင်နှုန်းက ရောဂါလက္ခဏာ မပေါ်ဘူး။ ရောဂါလက္ခဏာ နည်းနည်းပါးပါးပဲ ဖြစ်မှာပါ။ များသောအားဖြင့် ၈၀ ရာခိုင်နှုန်းက သိပ်ကြီးတော့ အန္တရာယ်မဖြစ်ပါဘူး။ ကျွန်တော် စောစောက ပြောတာက အသက်ကြီးတဲ့သူတွေပဲ ဖြစ်တယ်လို့ပြောပေမယ့် တစ်ခါ တစ်ရံမှာ အသက်ငယ်တဲ့သူတွေလည်း သေဆုံးတာတွေ တွေ့ရတော့ နည်းနည်းတော့ သတိထားဖို့ လိုပါတယ်။ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းက ရောဂါလက္ခဏာနည်းနည်းပဲ ပေါ်ပြီး ၁၀၀ မှာ ၂၀ ကတော့ ရောဂါလက္ခဏာ နည်းနည်း များတယ်။ ပြီးရင်အဲဒီမှာမှ ၁၀၀ မှာ ငါးယောက်ကတော့ အပြင်းအထန် ကုသပေးရတယ်၊ ICU လို့ ခေါ်တာပေါ့။ အပြင်းအထန် ကုသတဲ့နေရာမှာထည့်ပြီး နှစ်ယောက်၊ သုံးယောက်လောက်ကတော့ သေဆုံးနိုင် တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ စောစောက ကျွန်တော်ပြောတဲ့ အခြေခံအကြောင်းတွေကြောင့်၊ အခြေခံရောဂါ ရှိတယ်၊ အသက်သိပ်ကြီးတယ်။
အခုလောလောဆယ်သေနှုန်းက ၂ ဒသမ ၃ ရာခိုင်နှုန်း ဆိုတာ ဖြစ်နေတယ်။ အများစု ၈၀ ရာခိုင်နှုန်းဟာ ရောဂါ လက္ခဏာနည်းတယ်ဆိုပေမယ့် သူတို့ကို စောင့်ကြည့်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆို အဲဒီအထဲက ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းက ရောဂါအပြင်းစားထဲကို ပြောင်းသွား နိုင်တယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့က ဆေးရုံ တွေမှာ စောင့်ကြည့်ပြီး ထားတာပါ။ အခြားနိုင်ငံတွေမှာ လည်း ဖြစ်ပါတယ်။ အိမ်ပြန်သွားပြီးမှလည်း သေသွားတာ တွေ ရှိပါတယ်။
ဒါနဲ့ပတ်သက်ပြီး သွေးရည်ကြည်နဲ့ ကုတာလေးကို တစ်ခါတည်း ဆက်ပြောလိုက်ပါတယ်။ တစ်ယောက် မေးထား တာ တွေ့ပါတယ်။ သွေးရည်ကြည်တွေနဲ့ ကုနေ လျက်သားနဲ့ ဘာကြောင့် သေဆုံးတာလဲဆိုတာ။ ကျွန်တော် သွေးရည်ကြည်နဲ့ကုတဲ့အခါ ဩဂုတ် ၁၆ မတိုင်ခင်ပေါ့။ အဲဒီမှာ ကျွန်တော် ရှစ်ယောက်ကုပါတယ်။ ဒီရှစ်ယောက် စလုံးက နေကောင်းသွားပါတယ်။ အဲဒီတုန်း က လူနာဝင်တဲ့နှုန်းကလည်း သိပ်မများဘူး။ ကျွန်တော် တို့က စောင့်ကြည့်ပြီးတော့ ချက်ချင်းပဲ သွေးရည်ကြည် အကောင်းဆုံးရအောင် ကြိုးစားပေးတယ်။ သူတို့ကို အကောင်း ဆုံး ကုသပေးတယ်။ ဝိုင်းဝန်းပြီး လုပ်ပေးလို့ ရတယ်ပေါ့လေ။ ကျွန်တော် တို့က သွေးရည်ကြည်လည်း ရလိုက် တယ်။ အဲဒီတော့ ရှစ်ယောက်စလုံး ကောင်းတယ်။
အခုဖြစ်နေတာက ကျွန်တော်တို့က အဆင်သင့်ပြင် ထားတယ်။ ဒါပေမယ့် အချိန်မီ မရောက်လာတာတို့ အဲဒါတွေဖြစ်တော့ ကျွန်တော်တို့က သွေးရည်ကြည်ပေး ချင်တာတောင် အချိန်မီမရောက်လာတဲ့ အခြေအနေတွေ ရှိတယ်။ သွေးရည်ကြည်ပေးပြီး ကုထားတာ ၄၂ ယောက် ရှိပါတယ်။ ဒီ ၄၂ ယောက်ထဲမှာ ၃၁ ယောက်က တော်တော် လေး သက်သာလာပါပြီ။ သက်သာတယ်ဆိုတော့ အဲဒါ ၇၃ ရာခိုင်နှုန်း ရှိတာပေါ့။ ၁၀ ယောက်မှာ ခုနစ်ယောက် ရှစ်ယောက်လောက်က သွေးရည်ကြည်နဲ့တော့ ကယ်နိုင် သေးတယ်။
ဒါပေမယ့် ဘာဖြစ်လဲဆိုတော့ အဓိကပြဿနာက သွေးရည်ကြည်ကို လူတိုင်းတော့ ပေးတာမဟုတ်ဘူး။ ရောဂါပြင်းထန်တဲ့သူကို ပေးတာဖြစ်ပါတယ်။ ၈၀ ရာခိုင် နှုန်းကတော့ သူ့ဟာသူ ကောင်းသွားတယ်၊ အဲဒီလိုလူနာကို ကျွန်တော်တို့က မပေးဘူး၊ ပေးဖို့မလိုဘူး။ ကျွန်တော် လောလောဆယ် အခက်အခဲလေးတစ်ခု ရှိနေတာက သွေးရည်ကြည်ကို ရှာရတာ တော်တော်လေး ခက်ခဲ နေတယ်။
သွေးရည်ကြည်ဆိုတာ ရောဂါဖြစ်ပြီး ပြန်ကောင်းတဲ့ သူတွေ၊ ချက်ချင်းလည်း မယူဘူး။ များသောအားဖြင့် သူတို့ကိုယ်ခန္ဓာထဲမှာ ရောဂါတိုက်ဖျက်တဲ့ ပဋိပစ္စည်း Antibody ဆိုတာပါ ပါတယ်။ အဲဒီဟာကိုမှ ကျွန်တော်တို့က ပြန်သုံးချင်လို့ သွေးရည်ကြည်ကိုယူတာပေါ့။ ရောဂါ အခု ဝင်နေတဲ့သူတွေ၊ ကွာရန်တင်းဝင်နေတဲ့သူတွေ၊ ဆေးရုံ တက်နေတဲ့သူတွေ သူတို့ဆီက ကျွန်တော်တို့က တစ်လ၊ နှစ်လ လောက်နေမှ သွေးရည်ကြည်ကို အသုံးပြုလို့ရမယ်။ သူတို့ရဲ့ ပဋိပစ္စည်းကလည်း သိပ်မတက်သေးဘူး။ လောလောဆယ်တော့ ကျွန်တော်တို့က ခက်ခက်ခဲခဲ ရှာရ ပါတယ်။ ဧပြီ၊ မေလက ဖြစ်တဲ့သူတွေဆီကနေ လိုက်ပြီး တော့ ဖုန်းဆက်တယ်။ မေတ္တာရပ်ခံတယ်။ သူတို့ဆီက အလှူခံနေတာ။ ကျွန်တော်တို့ ထပ်လိုနေပါတယ်။ အထူး သဖြင့် A သွေးအုပ်စု၊ AB သွေးအုပ်စုတို့ လိုတဲ့အတွက် ကျွန်တော်တို့ တော်တော်ခက်ခက်ခဲခဲလေး ရှာနေရတယ်။ အဲဒီတော့ သွေးရည်ကြည်လှူချင်တဲ့ သူတွေရှိရင် ပြန်ကောင်းသွားတဲ့သူတွေက လှူကြပါ။ အသက်ကယ်နိုင် မှာ။ ကျွန်တော်တို့အခု ကယ်ထားတာ ၄၀ ကျော်ရှိပါပြီ။ပြီးတော့ အခုဖြစ်နေတဲ့သူတွေလည်း လှူကြပါ။ လူနာ တွေက နောက်ကို လာနေဦးမှာပဲ နေ့ချင်းညချင်းချက်ချင်း ပျောက်သွားမယ့် ကိစ္စမဟုတ်ဘူး။ ကျွန်တော် ဒါလေးကို တင်ပြတာဖြစ်ပါတယ်။ လူတိုင်း ထိတ်လန့်ကြောက်ရွံ့ နေဖို့တော့ မဟုတ်ဘူး။ အများစုက စောင့်ကြည့်ဖို့တော့ လိုတယ်။ လူတိုင်း ဆက်လက်မကူးအောင် ကာကွယ်ဖို့ လိုပါတယ်။ လူအများစုထဲမှာ ဒီရောဂါက ထပ်မပွားဖို့ပဲ။ အကောင်းဆုံးကာကွယ်တဲ့နည်းကတော့ ထပ်ပြီးတော့ အသေနှုန်း မတက်အောင်ဆိုရင် လူတိုင်း၊ လူတိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက် တွေကို လိုက်နာဖို့ ဒါဆိုရင် အသေနှုန်းကျသွားဖို့က ဒီနည်းလမ်းရှိပါတယ်။ ကျွန်တော်တို့က လောလောဆယ် နောက်ဆုံးပေါ် အကောင်းဆုံးဆေးတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝယ်ပေးနေပါတယ်။ အင်မတန် ဈေးကြီးတဲ့ဆေး၊ အမေရိကန်နိုင်ငံမှာ စပြီးပေါ်တဲ့ဆေး Remdesivir လို ဆေးမျိုးဆိုရင် အခုပဲသွင်းတယ်၊ အခုပဲ သုံးတယ်။ အစွမ်းကုန် ကျွန်တော်တို့ ကြိုးစားနေ ပါတယ်။
ဒေါက်တာသီတာလှ ။ ။ ကျေးဇူးပါ ဆရာကြီးရှင်။
မိဘပြည်သူများလည်း ဆရာ ကြီးရဲ့ ဖြေကြားမှုအပေါ်မှာ ကျေနပ်ကြလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ကျွန်မတို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အပါအဝင် ကျန်တဲ့ပူးပေါင်းဆောင်ရွက်သူများ အားလုံး ကလည်း သေဆုံးမှုကို အဓိကထားပြီး ကျွန်မတို့ လည်း နေ့စဉ်နဲ့အမျှ သေစာရင်းတွေကို တွေ့ရတာ စိတ်မ ကောင်းကြီးစွာ ဖြစ်ရပါတယ်။ သေချာတာတစ်ခုက ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ပူးပေါင်းဆောင်ရွက် သူတွေက မိမိအသက်ကို ပဓာနမထားဘဲ သတ္တိရှိစွာနဲ့ ဆောင်ရွက်ပေးနေကြ၊ ကုသပေးနေကြတဲ့အတွက် ကျွန်မ အနေနဲ့ အထူးလေးစားဂုဏ်ယူပါကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။
ဆက်လက်ပြီး နောက်မေးခွန်းက ဆရာကြီး ဦးစိုးလွင်ငြိမ်းကို မေးမြန်းခွင့်ပြုပါရှင်။ ဆရာကြီးရှင်၊ အခု မေးခွန်းများထဲက ဆရာကြီးအတွက် ရွေးထုတ်ထားတဲ့ မေးခွန်းလေးကို ကျွန်မ ဖတ်ပြပါမယ်။ အခုမြန်မာပြည်မှာ ကိုဗစ်ကို ကိုင်တွယ်နေပုံက US လိုမျိုး ပေါ်လစီလား၊ တရုတ်လိုမျိုးပေါ်လစီလား။ ဟိုမရောက် ဒီမရောက် ဟိုလို ဒီလိုပေါ်လစီလား။ Containment ဗျူဟာကြီးနဲ့ ချနေ တယ်ဆိုတာ ဘာလဲ။ လိုက်နာရမယ့်သူတွေ နားလည် အောင် အလင်းပြပါဦးဆရာ ဆိုပြီးမေးထားတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဆရာကြီး ဖြေကြားပေးစေလိုပါတယ်ရှင်။
ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်း ။ ။ အဓိက ကတော့ မြန်မာနိုင်ငံရဲ့CO-VID Management Policy နဲ့ ပတ်သက်ပြီး သူသိချင်လို့ မေးထားတာပါ။ ကျွန်ုတော်တို့ မြန်မာနိုင်ငံရဲ့ COVID Management Policy ကတော့ နိုင်ငံတော် အစိုးရနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အဓိက ဦးတည်ချက်ဖြစ်တဲ့ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ နံပါတ် တစ်ကတော့ ကိုဗစ်ရောဂါဖြစ်ပွားတဲ့ ဖြစ်ပွားမှုကို တတ်နိုင်သလောက် အနည်းဆုံးဖြစ်ဖို့နဲ့ ဖြစ်ပွားတဲ့လူတွေ မှာလည်းပဲ သေဆုံးမှုမရှိအောင် ဆောင်ရွက်တာပါ။ နံပါတ် နှစ်ကတော့ ကျွန်တော်တို့ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု ကို ထိန်းချုပ်တာပါ။ ပြည်တွင်းမှာ ကူးစက်မှုမရှိအောင်၊ နိုင်ငံတွင်းမှာ အခြားနေရာကို ကူးစက်မှုမရှိအောင် ဆောင်ရွက်တာပါ။
တတိယအချက်ကတော့ ကိုဗစ်ရောဂါကြောင့် နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေတွေကို ထိန်းသိမ်းပြီး ဆက်လက်ပြီးတော့ ဆောင်ရွက်သွားနိုင်ဖို့ရယ်၊ နောက် တစ်ခုက နိုင်ငံရဲ့ အဓိကဝန်ဆောင်မှုလုပ်ငန်းတွေ မရပ်တန့် သွားအောင်ပေါ့။ ဒီလိုဦးတည်ချက်တွေနဲ့ ရေးဆွဲ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲ့ COVID Management Policy ဖြစ်ပါတယ်။ တခြားနိုင်ငံတွေရဲ့ Policy တွေကို ကျွန်တော်တို့ ကူးချပြီးဆောင်ရွက်နေတာ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေရော၊ ကမ္ဘာ့နိုင်ငံတွေအားလုံးက ကမ္ဘာ့ ကပ်ရောဂါနဲ့ ပတ်သက်ပြီး အခြေခံလိုက်နာရမယ့် ပြဋ္ဌာန်း ချက်ရှိပါ တယ်။
အဲဒါကတော့ International Health Regulation လို့ခေါ်တဲ့ နိုင်ငံတကာက လိုက်နာကျင့်သုံးရမယ့် ကျန်းမာ ရေး ပြဋ္ဌာန်းချက်တွေပါ။ အဲဒီပြဋ္ဌာန်းချက်ကတော့ ဒီလို ကပ်ရောဂါတွေဖြစ်လာရင် နိုင်ငံတိုင်းက ဒီအပေါ်မှာ မူတည်ပြီး မူဝါဒတွေ ရေးဆွဲရမယ်၊ ပြီးရင်နည်းဗျူဟာ တွေ ချမှတ်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
နံပါတ်တစ် ရည်ရွယ်ချက်ဖြစ်တဲ့ ရောဂါဖြစ်ပွား သေဆုံးမှု ကျဆင်းအောင် အခုဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း တစ်ဖက်က Qua-rantine Site တွေမှာ ဆောင်ရွက်နေတယ်။ အဲဒီမှာ ကျွန်တော် ကျေးဇူးတင်ချင်တာက ရေရှည်ကြီးတကယ့် ရောဂါကူးနိုင်ခြေရှိတဲ့သူတွေနဲ့ ထိတွေ့ဆက်ဆံပြီး လုပ်နေ ရတဲ့ ရှေ့တန်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတ ဝန်ထမ်းတွေပါ။ တော်တော်လည်း စိတ်ဓာတ်တက်ကြွ တယ်။ သူတို့အတွက် အသက်အန္တရာယ်ရှိတာကို သိရဲ့သား နဲ့ အနီးကပ်ဆောင်ရွက်ပေးနေတယ်။ ဒီလို အင်အားတွေ ရှိတဲ့အတွက်ကြောင့်လည်း ဒီရည်ရွယ်ချက်က အောင်မြင် အောင် ဆောင်ရွက်နိုင်မှာပါ။
နောက်ပြီး အနီးကပ်ကြီးကြပ်ပေးနေတဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဌာနပေါင်းစုံက ပြည်သူလူထုပူးပေါင်းပြီး ဆောင်ရွက်နေတဲ့ကိစ္စတွေ ရှိနေတော့ ကျွန်တော်တို့ ရေးဆွဲဆောင်ရွက်နေတဲ့ COVID Policy က အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Sup-ported ပေါ့ ၊ ဒီလူတွေဆောင်ရွက်နေပေမယ့် သူတို့အတွက် လိုအပ်တဲ့ လိုအပ်ချက်တွေကတော့ ရှိနေတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး အဓိက ဦးတည် တာက တစ်ယောက်နဲ့တစ်ယောက် ရောဂါမကူးစက်အောင် ကာကွယ်တဲ့နည်းတွေကို ကျွန်တော်တို့က စနစ်တကျ ဆောင်ရွက်ရပါတယ်။ Infection Control Practice လို့ ခေါ်တာပေါ့။ အဲဒီလိုနေရာမှာတော့ ခုနက ကျွန်တော်တို့ ကွင်းဆင်းဆောင်ရွက်ရာမှာတော့ ဒီ Infection Control Practice နဲ့ ပတ်သက်ပြီး ပြည်သူလူထုအကုန်လုံးကလည်း Mask တပ်ကြတယ်။ လက်ဆေးကြတယ်။ တစ်ယောက် နဲ့ တစ်ယောက် ခပ်ခွာခွာနေကြတယ်။ လိုက်နာမှုအပိုင်း မှာတော့ နည်းနည်းလေး အားနည်းတယ်။ ဒါနဲ့ ပတ်သက် ပြီးတော့လည်း သေချာဆောင်ရွက်ဖို့ လိုတယ်။
ဒီနေရာမှာ ဖြည့်စွက်ချင်တာက လက်ဆေးတာလည်း ရိုးရိုးလက်ဆေးတာ မဟုတ်ဘဲ လက်သည်းတွေရော ညှပ်ပစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အရင်အတွေ့အကြုံအရ ဝမ်းပျက် ဝမ်းလျှောတို့ လက်ကနေတစ်ဆင့် ကူးစက်နိုင်တဲ့ အခြားရောဂါတွေမှာ Nail Cutting and Hand Washing Campaign တွေ လုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ဆေးနေပေမယ့်လည်း လက်သည်းကြားမှာ ဗိုင်းရပ်စ် တွေက ကျန်ခဲ့နိုင်တယ်။ ကျွန်တော်တို့အနေနဲ့ အတွေ့ အကြုံအရ ဒီနေရာမှာ အကြံပေးချင်တာက လက်သည်း လည်း ညှပ်ရမယ်။ လက်ကိုလည်း မကြာခဏ ဆေးကြော တဲ့ အကျင့်ကို လုပ်ဖို့လိုအပ်ပါတယ်။
ဒါကြောင့် ခုနမေးခွန်းဖြစ်တဲ့ US ရဲ့ ပေါ်လစီလား၊ တရုတ်ရဲ့ ပေါ်လစီလား ဆိုရင် တိုင်းပြည်ရဲ့ လိုအပ်ချက် အရ ကျွန်တော်တို့ ပြည်သူပြည်သားတွေကို အထိရောက် ဆုံး ကာကွယ်နိုင်တဲ့ မူဝါဒနဲ့ ဆောင်ရွက်နေတယ်လို့ ကျွန်တော်အနေနဲ့ သုံးသပ်တင်ပြလိုပါတယ်။
Containment Strategy ကိုလည်း နည်းနည်း ဆွေးနွေးခွင့်ပေးပါ။ Containment Strategy ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကရော၊ တာဝန်ခံ ဆရာဝန်ကြီးကပါ ဒီ Strategy ကို အားထည့်ဆောင်ရွက်ဖို့ ဆိုပြီး နေ့တိုင်းသတိပေးနေတယ်။ လူတွေကလည်း ဒီဟာ ကို တော်တော်လေး စိတ်ဝင်စားတယ်။ ကျွန်တော်တို့ရဲ့ ဒီ Containment Strategy ဆိုတာ ရောဂါစတင်ဖြစ်ပွားတဲ့ လူကနေ တခြားလူတစ်ယောက်ဆီကို မကူးစက်အောင် ကာကွယ်ထိန်းချုပ်တဲ့ နည်းလမ်းကို Containment Strategy လို့ ခေါ်ပါတယ်။ Containment လုပ်တဲ့အခါမှာ ကျွန်တော်တို့က ဖြစ်စဉ်အပေါ်မှာ မူတည်ပြီး ဆောင်ရွက်ရ ပါတယ်။ ဥပမာဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မတ်လ က စတင်ကူးစက်ပြီး ဇူလိုင်လလောက်အထိ ဖြစ်စဉ်မှာ ပြည်ပက ဝင်လာတဲ့ခရီးသည်တွေ၊ နိုင်ငံရဲ့ ဝင်ပေါက် နယ်စပ်ဒေသတွေက ဝင်လာတဲ့ ခရီးသည်တွေ၊ ဒီလူတွေ ကနေတစ်ဆင့် ပြည်တွင်းမှာ ကူးစက်မှုရှိမှာစိုးလို့ဆိုပြီး ကျွန်တော်တို့က တစ်ယောက်ချင်းကို Containment of Case လို့ ခေါ်ပါတယ်။ တစ်ယောက်ချင်းဆီကနေ ရောဂါ တခြားနေရာကို မရောက်သွားအောင် ထိန်းချုပ်တာ ပေါ့လေ။ ထိန်းချုပ်တဲ့အတွက်ကြောင့်လည်း Facility Quarantine တွေမှာထားပြီး ထိန်းလိုက်တော့ ဒါကြောင့် ကျွန်တော်တို့က ပထမအဆင့်မှာ သေချာထိန်းချုပ်ပြီးသားဖြစ်တဲ့အတွက် ကူးစက်မှု မဖြစ်ခဲ့ပါဘူး။
နောက် အခုပြောနေတဲ့ Containment ကတော့ Community Containment ဖြစ်ပါတယ်။ Community Containment ဆိုတာကတော့ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ရောဂါသံသယရှိတဲ့သူကတော့ တခြားသူ ကို မကူးစက်အောင်၊ ကျန်းမာရေးဝန်ထမ်းတွေကို မကူးစက်အောင် ဒါတွေကို ကျွန်တော်တို့က ရောဂါရှိတဲ့ သူကိုယ်တိုင်ကသိပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ အနေနဲ့ Mask တပ်တာတို့၊ အိမ်မှာပဲနေတာတို့၊ သတင်း ပို့တာတို့၊ အပြင်ကိုမထွက်တာတို့ စသဖြင့် ဒါမျိုးလုပ်ပေး ရမယ့်အပြင် Containment at Home ဆိုတာ တစ်အိမ်ချင်း ကလည်း ရောဂါမကူးစက်အောင် ထိန်းချုပ်ရမယ်။ လူတစ်ယောက်တည်းတင် မဟုတ်ဘူး။ ရပ်ကွက်အလိုက် ရောဂါဖြစ်ပွားမှုမရှိအောင် ထိန်းချုပ်ခြင်း၊ မြို့နယ်အလိုက် ရောဂါဖြစ်ပွားမှုမရှိအောင် ထိန်းချုပ်ခြင်း အဲဒီလိုမျိုး အဆင့်ဆင့်ထိန်းချုပ်တဲ့ နည်းဗျူဟာကို အခုကျင့်သုံး နေတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီဟာကိုသာ တစ်ယောက်ချင်း၊ တစ်အိမ် ချင်း၊ တစ်ရပ်ကွက်ချင်းက စနစ်တကျပူးပေါင်းပြီး ဆောင်ရွက် မယ်ဆိုရင် ကျွန်တော်တို့ ဒီရောဂါကို Contain-ment Strategy တစ်ခုတည်းနဲ့တင် အချိန်မီထိန်းချုပ် နိုင်မှာ ဖြစ်ပါတယ်။
ဒေါက်တာသီတာလှ ။ ။ ကျေးဇူးပါ ဆရာရှင့်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဒီနေ့ အထိလည်း Containment Strategy ကို ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားပေမယ့် ပူးပေါင်း အကောင်အထည်ဖော်ရတာ ကတော့ ပြည်သူများအပါအဝင် လူတိုင်းဖြစ်ပါတယ်။ ဒါကိုလည်း ကျေးဇူး တင်ပါကြောင်း ကျွန်မအနေနဲ့ ပြောကြားလိုပါတယ်။ ဆရာကြီး အချိန်အကန့်အသတ်ရှိတဲ့ အတွက် နောက်ဆုံး အနေနဲ့ ကျွန်မဆရာကြီးကို မေးခွန်း လေးနဲ့ အဆုံးသတ်ချင်တာကတော့ မေးခွန်းတစ်ခုက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ကိုဗစ်- ၁၉ ကပ်ဘေးကို မြန်မာနိုင်ငံမှာ ဘယ်အချိန်လောက် ထိန်းချုပ်နိုင်ဖို့ ခန့်မှန်းထားပါသလဲ ဆိုတဲ့ မေးခွန်းပါ ဆရာကြီးရှင်။
ဒေါက်တာဦးစိုးလွင်ငြိမ်း ။ ။ လူထုဘက်က လိုက်နာ ဆောင်ရွက်ဖို့ အားနည်း လို့ရှိရင် ခုနက ကူးစက်ဖြစ်ပွားတဲ့ လူတွေများမယ်၊ များလို့ ရှိရင် ကျွန်တော်တို့ ဆေးရုံတွေကို လူနာတွေ အရောက် များမယ်၊ များလို့ရှိရင် ဆေးရုံမှာ စောင့်ရှောက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဘယ်လိုကာကွယ်ထားပေမယ့် အထိုက်အလျောက် ကူးစက်မှု တွေရှိတဲ့အတွက်ကြောင့် တခြားကိုဗစ်မဟုတ်တဲ့ လူနာတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု အရည် အသွေးတွေလည်း ကျဆင်းသွား နိုင်တယ်။ ဒါကြောင့်မို့ အချိန်မီထိန်းချုပ်နိုင်မှုအတွက် ပြည်သူလူထုက ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက် တွေကို ဘယ်လောက်တိတိကျကျနဲ့ စုပေါင်းလိုက်နာ နိုင်လဲအပေါ်မှာ မူတည်တယ်။ အားလုံးတိတိကျကျနဲ့ စနစ်တကျ နေ့တိုင်းနေ့တိုင်း လိုက်နာဆောင်ရွက်မယ် ဆိုရင် ခုနကကူးစက်မှု ထိန်းချုပ်နိုင်မယ့်အချိန်က မကြာခင် ကျွန်တော်တို့ ရရှိမှာ ဖြစ်ပါတယ်။
ဒေါက်တာဒေါ်သီတာလှ ။ ။ မိဘပြည်သူများရှင်၊ အရေးကြီးတဲ့ မေးခွန်းတွေကိုပဲ ကောက်နုတ်ပြီးတော့ ဆွေးနွေးခြင်း ဖြစ်ပါတယ်။ နောက်ရက်တွေမှာလည်း ကျန်သောပညာရှင်များ၊ ဆရာ ကြီးများကနေပြီးတော့ ဆက်လက် ဖြေကြားပေးမှာ ဖြစ် ပါတယ်။
ကျွန်မအနေနဲ့ ဆရာကြီး နှစ်ဦးကိုရော၊ မြန်မာ့ရုပ်မြင် သံကြားကိုရော၊ ဒီလိုအစီအစဉ်လေး ဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့၊ ညွှန်ကြားပေးတဲ့ နိုင်ငံတော်ရဲ့ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကိုရော အထူးကျေးဇူးတင် ပါတယ်။ ကိုဗစ်ဘေး ရန်ကနေလည်း ကင်းဝေးကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင့်။
ထက်လျှံ