Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကော့သောင်းမြို့နယ်အတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် ကမ်းနီးငါးဇုန်ရှိ FOB စစ်ဆေးရေးစခန်း၌ ငါးဖမ်းစက်လှေများနှင့် ပို့ကုန်၊ သွင်းကုန်တင်သွင်းရာတွင် စစ်ဆေးရေးအဖွဲ့များက ချက်ပွိုင့်စစ်ဆေးဆောင်ရွက်နေမှုကိုလည်းကောင်း၊ သမဝါယမအသင်းရုံးကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီးကော့သောင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းဆောင်ရွက်နေသော သမဝါယမအသင်း အမှုဆောင်များ၊ အသင်းသားများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပိုမိုအောင်မြင်စေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကော့သောင်းမြို့နယ် စိုင်ဒင်းကျေးရွာရှိ ယာယီရှင်းလင်းဆောင်၌ ကျေးရွာကော်မတီဝင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက စိုင်ဒင်းကျေးရွာအား ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း (Smart Village)၏ အဓိကကဏ္ဍကြီး (၆) ရပ်ဖြစ်သည့် ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သွင်းအားစုနှင့်ငွေကြေးဝန်ဆောင်မှု ကူညီထောက်ပံ့မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် စီမံကိန်းရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာဘက်စုံ သုံးခန်းမ၊ ကျေးရွာစာကြည့်တိုက်၊ ကျေးရွာရေရရှိရေးအတွက် လက်တူးတွင်းကျယ်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများကိုလည်းကောင်း၊ ထိုက်အောင်လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ သမဝါယမ (စံပြဈေး) ကိုလည်းကောင်း၊ ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အပ်ချုပ်စက်သင်တန်းဆင်းသူများအနက် လုပ်ငန်းသုံးပစ္စည်း ပေးအပ်ထားသူများ၏ စံပယ်အပ်ချုပ် ဆိုင်ကိုလည်းကောင်း၊ ကော့သောင်းမြို့နယ် ၈ မိုင်ကျေးရွာ၌ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့်ဖွင့်လှစ်ခဲ့သည့် သံဂဟေဆက်သင်တန်းဆင်းသူများအနက် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ထားသူများ၏ သံဂဟေဆက်လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံပြည်သူများနှင့် သင်တန်းသားများ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာ၌ ရွှေဝါထွန်းဘက်စုံစိုက်ပျိုးမွေးမြူရေး သမဝါယမအသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုနှင့် လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးပြောကြားကာ အသင်းသားတောင်သူများ၏တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ကော့သောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုလမ်းမကြီးမှ ချောင်းဝကျေးရွာသို့ဆက်သွယ်သောလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးမှာကြားကာ ကျေးရွာနေပြည်သူများ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်