ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာဝပြောရေးအတွက် ပြည်ထောင်စုတစ်ဝန်း စီးပွားရေးအခွင့်အလမ်းများ တိုးတက်ကောင်းမွန်လာရေးသည် အရေးပါသောအချက်တစ်ချက်ဖြစ်သည်။ နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာပါမှ နိုင်ငံရေးအင်အား၊ လူမှုရေးအနေအထား၊ ကာကွယ်ရေးစွမ်းအားများပါ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံအတွက်အဓိကကျသော စီးပွားရေးစွမ်းအား တိုးတက်ကောင်းမွန်လာစေရန်အတွက် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့တာဝန်ကို စတင်တာဝန်ယူသည့်အချိန်မှစ၍ အဓိကကျသည့် နိုင်ငံ့စီးပွားရေးတိုးတက်မြင့်မားလာစေရန်အတွက် နိုင်ငံ၏အဓိကအရင်းအမြစ်များဖြစ်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME) ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ MSME စီးပွားရေးလုပ်ငန်းများသည် နိုင်ငံအတွင်းဖြန့်ကြက်လုပ်ကိုင်နေကြသဖြင့် နိုင်ငံတစ်ဝန်း ဒေသအလိုက်လုပ်ကိုင်ဆောင်ရွက်နေကြသည့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်မှသာ ပြည်ထောင်စုတစ်ဝန်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့ပြဒေသများတွင်သာမက အလှမ်းဝေးသည့်ပြည်နယ်နှင့်ဒေသများတွင်ပါ အခြေခံစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေဒေသအသီးသီးတွင် ထုတ်လုပ်လျက်ရှိသည့် ကုန်ထုတ်လုပ်ငန်းများ ဈေးကွက်ကျယ်ပြန့်ရေးအတွက် ဒေသအလိုက်ထုတ်ကုန်ပစ္စည်းများကို အဓိကကျသောမြို့ကြီးများတွင် တစုတစည်းတည်း ခင်းကျင်းပြသနိုင်ရန်လိုသည်။ ထုတ်ကုန်ပစ္စည်း ကုန်စည်ပြပွဲများ ခင်းကျင်းပြသခြင်းသည် မိမိတို့၏ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ဝင်တွင်ကျယ်လာရေးအတွက် အရေးပါသောအခင်းအကျင်းဖြစ်သည်။
နိုင်ငံတစ်ဝန်း ထုတ်ကုန်ပစ္စည်းပြပွဲများကို နိုင်ငံတော်အခမ်းအနားများနှင့် အခါအားလျော်စွာပြုလုပ်သည့် အခင်းအကျင်းများတွင် မကြာခဏပြုလုပ်လေ့ရှိသည်။ ထူးခြားချက်အနေဖြင့် ၂၀၂၅ ခုနှစ် လာမည့်ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့အခမ်းအနားကျင်းပချိန်တွင် MSME စီးပွားရေးလုပ်ငန်းများ၏ ပြပွဲ၊ ပြိုင်ပွဲများကို တစ်ဆက်တည်းကျင်းပသွားမည်ဟုသိရသည်။ ပြည်ထောင်စုနေ့အခမ်းအနားနှင့်ဆက်စပ်လျက် နေပြည်တော်၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံး၏ MSME ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသခြင်း၊ ဒေသအသီးသီးမှ ထုတ်ကုန်ပစ္စည်းအချင်းချင်း ယှဉ်ပြိုင်မှုမှတစ်ဆင့် အရည်အသွေးနှင့်ထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားလာစေခြင်းနှင့် ဖွံ့ဖြိုးစေခြင်းကိုရည်ရွယ်၍ MSME ထုတ်ကုန်ပြိုင်ပွဲကြီးကျင်းပခြင်းအပြင် ဒေသန္တရရိုးရာအစားအစာများကိုလည်း တစ်နေရာတည်း၌ စုံလင်စွာထိတွေ့ခံစားနိုင်စေရန် စီမံဆောင်ရွက်နေကြောင်း သိရသည်။
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည့်အရင်းအနှီးချေးငွေများကို သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိသည်။ ထို့ပြင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ထုတ်ကုန်ပြပွဲများ၊ နိုင်ငံတော်အဆင့် ထုတ်ကုန်ပြပွဲများကို ခင်းကျင်းပြသရောင်းချပေးလျက်ရှိသဖြင့် မိမိတို့ထုတ်ကုန်လုပ်ငန်းအလိုက် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်ပစ္စည်းများ ဝင်ရောက်ပြသနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရန်လိုမည်ဖြစ်သည်။ MSME လုပ်ငန်းများ အောင်မြင်စေရေးအတွက် နိုင်ငံတော်၏ ပံ့ပိုးကူညီပေးမှုများနှင့်အတူ အခြေခံလိုအပ်ချက်များဖြစ်သည့် ကုန်ကြမ်းပစ္စည်းများ၊ သွင်းအားစုအရင်းအနှီးများနှင့် နည်းပညာပိုင်းဆိုင်ရာတို့ ပြည့်စုံမှုရှိစေရေး ဟန်ချက်ညီညီကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် မိတ္ထီလာခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရိုင်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်အတွင်း မိတ္ထီလာဒေသသို့ရောက်ရှိစဉ် “ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းတာဝန်ထမ်းဆောင်လျက်ရှိသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသတွင်းနေထိုင်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ်တွင် အဓိကမူတည်သဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” အကြံပြုတိုက်တွန်းပြောကြားထားသည်။
သို့ဖြစ်ရာ ဒေသအလိုက်လုပ်ကိုင်ဆောင်ရွက်နေသော အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME) ဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်ဖြစ်ထွန်းလာအောင် ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ လက်တွဲပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြကာ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်မှုမှ ပြည်ထောင်စုကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာအောင် တက်ညီလက်ညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။