(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ပြည်နယ်၏မြို့တော် လွိုင်ကော်မြို့တွင် ကျက်သရေမင်္ဂလာရှိစွာ၊ စည်ကားသိုက်မြိုက်ခမ်းနားစွာကျင်းပခဲ့ကြောင်း သတင်းများတွင် တွေ့မြင်ရသည်။ ကယားပြည်နယ်နေ့ဖြစ်ပေါ်လာရခြင်း၏ သမိုင်းကြောင်းမှာ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြည်နယ်တစ်ခုအဖြစ်ပါဝင်သော ကရင်နီပြည်နယ်ကို ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေအရ လူထုဆန္ဒဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ကယားပြည်နယ်အဖြစ် တရားဝင်ပြောင်းလဲခေါ်ဝေါ်ခဲ့သည့်နေ့ကို “ကယားပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
တောတောင်ရေမြေ သဘာဝအလှ၊ ရိုးရာယဉ်ကျေးမှုများအလှတို့နှင့် ပြည့်စုံပြီး သယံဇာတပေါကြွယ်ဝသည့် ကယားပြည်နယ်သည် မကြာမီကာလအတွင်းက ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်ဖျက်ဆီး တိုက်ခိုက်မှုများကြောင့် အကျည်းတန်ခဲ့ရသည်။ KNDF နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဒေသတွင်းတည်ငြိမ်မှုပျက်ပြားအောင်ပြုလုပ်ခြင်း၊ မြို့ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ဖောက်ကားရေးတို့ ပျက်စီးစေရန် လမ်း၊ တံတားနှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်း၊ တက္ကသိုလ်စာသင်ကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများစသည်တို့ကို ဖျက်ဆီးခြင်း စသည့်လုပ်ရပ်များကို ထောက်ထားစာနာမှုကင်းမဲ့စွာ ပြုလုပ်ခဲ့ကြခြင်းကြောင့် ဒေသခံပြည်သူများမှာ အိုးအိမ်နှင့်နေရပ်တို့ကို စွန့်ခွာတိမ်းရှောင်ခဲ့ကြရသည်။ တိုင်းရင်းသားပြည်သူ မိသားစုပေါင်းများစွာတို့ အတိဒုက္ခရောက်ခဲ့ကြရသည်။
ဒေသတည်ငြိမ်အေးချမ်းမှုနှင့် ဒေသခံတိုင်းရင်းသားပြည်သူတို့၏ လူမှုစီးပွားဘဝများ လုံခြုံမှုတို့မှာ ဒေသတွင်းနေထိုင်ကြသည့် လက်နက်ကိုင်အဖွဲ့အစည်းတို့၏ အကြမ်းဖက်အဖျက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရခြင်းပင်ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်စီးသွားသည့်အခါ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားရသည့်အပြင် တည်ဆောက်ပြီးစီးမှုဟူသမျှတို့လည်း ဖျက်ဆီးခြင်းခံရပြီး ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို များစွာနိမ့်ကျသွားစေသည်။ ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများဖန်တီးခြင်း သည် ဒေသကိုဖျက်ဆီးခြင်းပင်ဖြစ်ပြီး ဒေသခံတိုင်းရင်းသား ပြည်သူလူထုကိုပါ အတိဒုက္ခကျရောက်စေရန် ကာယကံမြောက်ကျူးလွန်ခြင်းပင်ဖြစ်ရာ ယင်းသို့သောလုပ်ရပ်များကို ဒေသခံပြည်သူများ၏စုပေါင်းအားဖြင့် ဝိုင်းဝန်းဆန့်ကျင်တားဆီးသွားကြရန်လိုသည်။
မည်သို့ပင်ဆိုစေ ယခုအခါတွင် လွိုင်ကော်သည် ပြာပုံထဲမှ ပြန်လည်ရှင်သန်လာသည့် ဖီးနစ်ငှက်ကဲ့သို့ အားသစ်မာန်သစ်ဖြင့် လှပသစ်လွင်စွာ ပြန်လည်နိုးထလာခဲ့ပြီဖြစ်သည်။ အဓမ္မဝါဒီ အကြမ်းဖက်အုပ်စုတို့၏ ဖျက်ဆီးခဲ့သမျှတို့ကို ဓမ္မဝါဒီအပြုအင်အားစုတို့က ပြန်လည်တည်ဆောက်ခဲ့ကြရခြင်းဖြစ်သည်။ ရပ်ရွာများအတွင်း မိုင်းရှင်းလင်းရေး၊ ကျောင်းသားကျောင်းသူများ စာသင်ခန်းများသို့ ပြန်လည်ဝင်ရောက်နိုင်ရေး၊ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး၊ ခရီးသည်နှင့် ကုန်တင်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနိုင်ရေး၊ ဆက်သွယ်ရေးတာဝါတိုင်များ ပြန်လည်တည်ဆောက်ရေး၊ မြို့ကျက်သရေဆောင်ဈေး ပြန်လည်တည်ဆောက်ရေးစသည်တို့အပြင် ဒေသခံပြည်သူများ ခံစားခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများအထိ ပြန်လည်ကုစားနိုင်ရန် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မိမိတို့နိုင်ငံသည် သာမန်မဟုတ်သော အခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရပြီး နိုင်ငံ၏နေရာဒေသအနှံ့အပြားတို့တွင် လက်နက်ကိုင်အကြမ်းဖက်မှုများဖြစ်ပေါ်လျက်ရှိသည်ကို မိမိတို့အားလုံး သိရှိထားကြပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန် ဖိတ်ခေါ်လမ်းဖွင့်ပေးထားပြီး လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းဖြင့် တောင်းဆိုမှုများကို လိုက်လျောမည်မဟုတ်ကြောင်းလည်း အတိအလင်းထုတ်ဖော် ပြောကြားထားသည်။ အကြမ်းဖက်လက်နက်ကိုင် တိုက်ခိုက်မှုများကို တိုက်ရိုက်ခံစားရသူများမှာ ပြည်သူများသာလျှင်ဖြစ်ရာ မိမိတို့ဒေသအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ ခိုအောင်းလှုပ်ရှားမှုများ၊ ၎င်းတို့သက်ဆိုးရှည်စေမည့် ကိစ္စရပ်များကို ဒေသခံပြည်သူအားလုံးက ဝိုင်းဝန်းဆန့်ကျင်တားဆီးကြရပါမည့်အကြောင်း။ ။