Skip to main content

နိုင်ငံသားတိုင်းအတွက် ဥပဒေအသိပညာ

ဥပဒေဆိုသည်မှာ အများပြည်သူတို့ လိုက်နာရန်အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြဋ္ဌာန်းထားသည့်စည်းမျဉ်းဟူ၍ ဖွင့်ဆိုထားသည်။ သာမန်စည်းမျဉ်းစည်းကမ်းများနှင့် မတူသည့်အချက်မှာ ဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်မှု၊ ဖောက်ဖျက်ကျူးလွန်မှုတို့အတွက် ပြစ်ဒဏ်များ ပါရှိနေခြင်းပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို နိုင်ငံသူ နိုင်ငံသားအားလုံးတို့သာမက ယင်းနိုင်ငံ၏ နယ်နိမိတ်အတွင်းရောက်ရှိနေကြသည့် နိုင်ငံသားမဟုတ်သူများပါ လေးစားလိုက်နာကြရသည်။

ဥပဒေများ ရေးဆွဲပြဋ္ဌာန်းကြရသည့် အဓိကရည်ရွယ်ချက်များမှာ နိုင်ငံနှင့် လူ့အဖွဲ့အစည်းတည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ အကျိုးစီးပွားဖြစ်ထွန်းရေး စသည့်ကောင်းရာ ကောင်းကျိုးများအတွက်ပင်ဖြစ်သည်။ လူအများ သတိမမူမိကြ သည့်အချက်မှာ တရားဥပဒေသည် နေရာတိုင်းတွင် ရှိနေပြီး မိမိတို့၏ နေ့စဉ်လူမှုဘဝများကို စောင့်ရှောက်ပေးနေသည်ဆိုသော အချက်ပင်ဖြစ်သည်။ ဒေသတစ်ခုတွင် တရားဥပဒေထိန်းသိမ်းရေးအဖွဲ့အစည်းများ ပျက်ပြားသွားပြီး တရားဥပဒေစိုးမိုးရေးမဏ္ဍိုင်ကြီး ပြိုလဲသွားသည့်အခါတွင် ယင်းအချက်သည် ထင်ထင်ရှားရှားဖြစ်လာရသည်။ တရားဥပဒေစိုးမိုးမှု ကင်းမဲ့သွားသည့် လူ့အဖွဲ့အစည်းသည် ချက်ချင်းပင် တောရိုင်းတိရစ္ဆာန်လောကကဲ့သို့ ကြီးနိုင်ငယ်ညှဉ်း၊ နိုင်သူစား၊ အားကြီးသူသာ ရှင်သန်ရသည့်အခြေအနေသို့ ရောက်ရှိသွားသည်။ ဒေသတွင်း နေထိုင်သူများ၏ ကံကြမ္မာသည် ဒေသကို လွှမ်းမိုးချုပ်ကိုင်ထားသည့် ဂိုဏ်းစတားများ သို့မဟုတ် လက်နက်ကိုင်အကြမ်းဖက် အဖွဲ့အစည်းများ၏လက်ထဲသို့ ကျရောက်သွားပြီး ၎င်းတို့၏ အလိုကျအတိုင်းသာ ရှင်သန်နေထိုင်ကြရသည်။

နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများကို လေးစားလိုက်နာရန် လူတိုင်းတွင် တာဝန်ရှိကြသည့်အလျောက် ဥပဒေ၏ သဘောတရား၊ အများပြည်သူနှင့်ဆိုင်သည့် ဥပဒေများစသည်တို့လောက်ကို လူတိုင်း တီးမိခေါက်မိ သိရှိနားလည်ထားကြရန်လိုသည်။ ဥပဒေဆိုင်ရာဗဟုသုတများ ပြည့်ဝကြရန်လိုသည်။ နိုင်ငံတွင်ပြဋ္ဌာန်းထားသည့် တည်ဆဲ ဥပဒေများအားလုံးကို မိမိတို့မသိရှိကြသည့်တိုင် ဥပဒေ၏ သဘောတရားအရ သိရှိထားပြီးဖြစ်သည်ဟု မှတ်ယူထားသည်။ ဤဥပဒေပြဋ္ဌာန်းထားသည်ကို မိမိတို့မသိရှိ၊ ဤဥပဒေကို မိမိတို့ နားမလည်ပါသောကြောင့် ထိုအပြစ်ကို ကျူးလွန်မိပါသည် ဟူ၍ ဆင်ခြေပေးမရဟုဆိုထားရာ ဥပဒေကို လူတိုင်းလေ့လာထားကြရန်၊ ဥပဒေ၏အခြေခံဖြစ်သည့် စည်းကမ်းနှင့်အညီ နေထိုင်သည့်အလေ့အကျင့်ကို ငယ်စဉ်ကပင် စွဲမြဲစွာကျင့်သုံးကြရန် လေ့ကျင့်ပျိုးထောင်ပေးရန်လိုသည်။

ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းများကို ကျောင်းများ၊ အစိုးရဌာနဆိုင်ရာများတွင် ဖွင့်လှစ်ပို့ချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရှိရသည်။ “မိမိတို့နိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန် လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေးနိုင်ရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ လူတိုင်းလူတိုင်း ဥပဒေပညာရှင်မဖြစ်နိုင်သော်လည်း ဥပဒေပညာကို သိရှိနားလည်ထားမှသာ လူမှုဘဝမြှင့်တင်မှုများတွင် အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ကြောင်း” ယမန်နှစ် ဧပြီလ ၂၉ ရက်တွင် ကျင်းပသည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတိုင်း ဥပဒေအသိပညာရှိကြရမည်ဖြစ်သကဲ့သို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆောင်ရွက်ရာတွင်လည်း စီမံခန့်ခွဲမှုဆောင်ရွက်သူများက ဥပဒေကို နားလည်တတ်ကျွမ်းပြီး လေးစားလိုက်နာကြရပါမည့်အကြောင်း။ ။