Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၁၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။

ဇန်နဝါရီ ၁၁ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၆၃၁၀၀၈၉) ကိုလည်းကောင်း၊ မြန်မာ့စက်မှု ဆိပ်ကမ်း၌ ကုန်သေတ္တာခုနစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၁ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၂၅၁၆၅၈၃)ကိုလည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၆၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၅၁၈၆၆၇၂ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မအူပင် မြို့နယ်၊ ဝါးခယ်မမြို့နယ်နှင့် ဖျာပုံမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ပုသိမ်ခရိုင် ပုသိမ်မြို့နယ်နှင့် ငပုတောမြို့နယ်တို့၌ တရားမဝင်အခြားသစ် ၄ ဒသမ ၈၅၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၈၆၉၈) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၄၈၆၉၈ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဇန်နဝါရီ ၁၂ ရက်တွင် နေပြည်တော် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင် လယ်ဝေးမြို့နယ်၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၄၅၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့နယ် တဲကြီးကျေးရွာ စခတ (၈) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Suzuki Swift မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း၌ တရားမဝင်မီးသွေး ၅၀ ဒသမ ၂၄၀ တန်၊ ကျွန်းသစ် ၂ ဒသမ ၉၉၂ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၇၂၈၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟိုပုံးမြို့နယ် မဲနယ်တောင်ကျေးလက် ဖွံ့ဖြိုးရေးလမ်း၌ ကျိုင်းတုံမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၃၃၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၃၃၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇန်နဝါရီ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၁ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၈၀၀၂၆၅၂)ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင် တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင် နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံး နစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ ပင်လယ်ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမိုတားဆီး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

သတင်းစဉ်