နေပြည်တော် ဇန်နဝါရီ ၁၃
ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဥပဒေဆိုသည်မှာ လူအများလိုက်နာကျင့်သုံးရန် သတ်မှတ် ပြဋ္ဌာန်းထားသည့် စည်းကမ်းများဖြစ်သည်ဟု ယေဘုယျအားဖြင့် နားလည်ကြရပြီး နိုင်ငံတော်တွင် ပြဋ္ဌာန်းထားရှိပြီးဖြစ်သည့် ဥပဒေများကို လိုက်နာကြရမည်ဖြစ်ကြောင်း၊ အစိုးရအုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေး ပါဝင်ဆောင်ရွက်ကြရသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဦးစီးဌာနအလိုက် လုပ်ငန်းတာဝန်များနှင့်ဆက်စပ်ပြီး ထုတ်ပြန်ထားရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း၊ စည်းကမ်းများကို ထဲထဲဝင်ဝင် လေ့လာသိရှိကြရန် လိုအပ်ကြောင်း၊ သင်တန်းတွင် ဆွေးနွေးသည့် အကြောင်းအရာများကိုအခြေခံကာ ပိုမိုကျယ်ပြန့်စွာ လေ့လာကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကို ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်တာ ဖွင့်လှစ် သွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၁၀၀ တက်ရောက်ကြောင်း သိရသည်။
သတင်းစဉ်